မန္တလေးတွင် ၁နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် ကိုလင်းပိုင်စိုး အသက်ရှင်ခြင်း ရှိမရှိ မိသားစုဝင်များ စုံစမ်းနေဆဲ

မန္တလေးတွင် ၁နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် ကိုလင်းပိုင်စိုး အသက်ရှင်ခြင်း ရှိမရှိ မိသားစုဝင်များ စုံစမ်းနေဆဲ

အောက်တိုဘာလ ၂ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်နည်းပညာတက္ကသိုလ် ဓာတ်သတ္တုပိုင်း ဆိုင်ရာနောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသားတစ်ဦးဖြစ်သူ ကိုလင်းပိုင်စိုးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည်မှာ ယခု စက်တင်ဘာလ ၃၀ ရက်နေ့တွင် တစ်နှစ်ပြည့်ပြီ ဖြစ်သည်။

သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက်၂၆နှစ် အရွယ် ဗုဒ္ဓဘာသာဝင်ဂေါ်ရခါးလူမျိုး ကိုလင်ပိုင်းစိုးသည် တော်လှန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ၂၀၂၁ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စတင်ဖမ်းဆီးချိန်တည်းက ကိုလင်းပိုင်စိုးကို မန္တလေးနန်းတွင်း စစ်ကြောရေးသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုသာ မိသားစုဝင်များက သိရှိထားသော်လည်း ယခုတစ်နှစ် ကျော်ကြာသည်အထိ ကိုလင်းပိုင်စိုး၏ နောက်ဆက်တွဲ သတင်းအချက် အလက်များကို သိရှိရခြင်းမရှိပေ။

မန္တလေးနန်းတွင်း စစ်ကြောရေးသို့ ကိုလင်းပိုင်စိုး ရောက်ရှိလာစဉ်က ဂေါ်ရခါးလူမျိုး ဖြစ်သည့်အတွက် ပိုမိုနှိပ်စက်မှုများ ကြုံတွေ့ခဲ့ရပြီး သေဆုံးသွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့ကတည်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

ကိုလင်းပိုင်စိုး၏ မိသားစုဝင်များက စုံစမ်းရာတွင် သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မည်သည့် ရုံးကမျှ အတည်ပြုပေးခြင်း မရှိသည့်အတွက် မိသားစုဝင်များ က ကိုလင်းပိုင်စိုး ပြန်လာမည်ဟု မျှော်လင့်နေကြဆဲဖြစ်သည်။

“စုံစမ်းတာတော့ ဒီနေ့အထိစုံစမ်းတုန်းပဲ ။ အသက်ရှင်လိမ့်မယ်တော့မျှော်လင့်ပါတယ်။ သူများတွေလည်း ပျောက်နေတာရှိတယ်လေ”ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကိုလင်းပိုင်စိုးသည် ဒီမိုကရေစီရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးရေးတို့အတွက် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည့် ရဲဘော်ရဲဘက်တစ်ဦး ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများကဆိုသည်။

ကိုလင်းပိုင်စိုးသည် စစ်တပ် အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် လူထု လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော်လည်း နေပြည်တော်တွင် စစ်ကောင်စီ၏ အန္တရာယ်ကို ရှောင်ရှားရန် အတွက် မန္တလေးမြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် စက်တင်ဘာလ၃၀ရက် နေ့တွင် နေအိမ်တစ်ခု၌ ၎င်း၏ရဲဘော် များနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် ၎င်းတိုကို လက်သင့်မခံကြောင်း ထုတ်ဖော် ပြသနေသည့် ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြပြီး နေ့စဉ်နှင့် အမျှဖမ်းဆီးကာ စစ်ကြောရေးစခန်းများသို့ ပို့ဆောင်၍ လူမဆန်စွာ နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ဗုဒ္ဓဘာသာဝင်မဟုတ်သူများ၊ လိင်စိတ်ကွဲပြားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသားလူငယ်များဆိုလျှင် ပစ်မှတ်ထား၍ ပိုမိုနှိပ်စက်ခံရသည်ကိုတွေ့ရသည်။

“သူတို့က လိင်စိတ်ကွဲပြား သူတွေတင်မဟုတ်ဘူး။ မသန်စွမ်းတွေ ၊ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေဆိုရင် ပိုပြီးတော့ နှိပ်စက်တယ်လို့ ပြောလို့ရတယ်” ဟု မန္တလေးနန်းတွင် စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသည့် မစောဟန်နွေဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် လက်ရှိအချိန် ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ လူပေါင်း ၂၃၂၇ ဦးကို သတ်ဖြတ်၍ ၁၅၆၉၁ ကျော်ကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဖမ်းဆီး၍ စစ်ကြောရေးစခန်းသို့ ရောက်ရှိပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးသူ အများအပြားရှိနေဆဲဖြစ်ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly