စက်သုံးဆီ တင်သွင်းမှုအတွက် တရုတ်ယွမ်ဖြင့် ငွေပေးချေနိုင်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်ထုတ်ပြန်

စက်သုံးဆီ တင်သွင်းမှုအတွက် တရုတ်ယွမ်ဖြင့် ငွေပေးချေနိုင်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်ထုတ်ပြန်

မဇ္ဈိမ ။ ။ ပြည်တွင်းရှိ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Trade Financing ရယူထားသည့် နိုင်ငံခြားငွေများ ပြန်လည်ပေးချေရာတွင် တရုတ်ယွမ်ငွေဖြင့်ပါ ပြန်လည်ပေးချေနိုင်ကြောင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါ ညွှန်ကြားချက်အရ ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများမှ ရယူထားပြီး ဖြစ်သည့် SWAP Facility ပမာဏ အချို့အား ယွမ်ငွေဖြင့် ပေးချေခွင့် ပြုမည်ဖြစ်ပြီး နောင်တွင် စက်သုံးဆီဖိုး ငွေပေးချေရာတွင်လည်း ယွမ်ငွေဖြင့် ပေးချေခွင့်ပြုကြောင်း ဗဟိုဘဏ်က ဆိုသည်။

ထို့အပြင် USD Trade Financing ဖြင့် SWAP ရယူထားသည့် ကိစ္စရပ်များအတွက် နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် AD လိုင်စင်ရ ဘဏ်များ အနေဖြင့် ကင်းလွတ်ခွင့်ရသည့် ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှ ပြည်ပနိုင်ငံခြားငွေဖြင့် ရရှိ‌ငွေ၊ Worker Remittance မှ ဝင်ရောက်ငွေနှင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းဖြင့်ဝယ် ယူထားသည့် အမေရိကန်ဒေါ်လာများအား အလီလီရောင်းချခြင်းကို ဆောင်ရွက်ပေးပြီး SWAP ပြန်‌လည်ပေးဆပ်စေရန်နှင့် ပေးဆပ်မှုပမာဏပေါ်မူတည် ၍ Trade Financing ရယူရေး ဆောင်ရွက်ပေးရန်ဟု ညွှန်ကြားထားသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ‌ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထုတ်ချေးပေးမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် တရုတ်ယွမ်ငွေလဲနှုန်းမှာ ၄၅၀ ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေကြောင်း တရုတ်- မြန်မာ နယ်စပ် ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required