ဒီမိုကရေစီ စနစ်နဲ့ သွားတဲ့ အချိန်ခါမှာ လူထုတွေနဲ့ အသိပညာ ဗဟုသုတ ပညာအရည်အချင်း မြင့်မားဖို့လိုတယ်

ဒီမိုကရေစီ စနစ်နဲ့ သွားတဲ့ အချိန်ခါမှာ လူထုတွေနဲ့ အသိပညာ ဗဟုသုတ ပညာအရည်အချင်း မြင့်မားဖို့လိုတယ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး နှင့်တွေ့ဆုံခြင်း အပိုင်း(၃)

မေး-ကျွန်တော် ဥက္ကဋ္ဌကြီးနဲ့ ဒီမှာပဲ အင်တာဗျုးလုပ်တုန်းက ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပေါ့။ အပြည့်အဝ မျှော်မှန်းပါသလားဆို ဒါ သြဂုတ်လပေါ့နော် ကျွန်တော်တို့ ရွေးကောက်ပွဲ မလုပ်သေးဘူး ရွေးကောက်ပွဲလုပ်ဖို့ လ လေးငါး ခြောက်လလောက်ကွာတဲ့ အချိန်မှာ ဥက္ကဋ္ဌကြီး ပြန်ပြောတဲ့ စကား ကျွန်တော်နည်းနည်းလေး ဖတ်ပြပါမယ်။ ကျွန်တော့်ဘက်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ခံယူထားတယ်။ ဘာလို့လဲဆိုတော့ လူတွေက ကိုယ့်သမိုင်းကိုယ် ရေးနေကြတာပဲ။ ကျွန်တော့်သမိုင်းလည်း တစ်ခါမှာ မညစ်နွမ်းခဲ့ပါဘူး။ ကျွန်တော်လည်း နေဝင်ချိန်ရောက် နေပါပြီ။ ကျွန်တော့်သမိုင်းကိုလည်း အမဲစက်ကြီးနဲ့ မှတ်တမ်းမတင်ခဲ့ချင်ပါဘူးဆိုပြီးဆိုတော့ ဥက္ကဋ္ဌကြီး ပြောသွားတာ ရှိပါတယ်။ အဲတော့ ဥက္ကဋ္ဌကြီး သမိုင်းတင်ခဲ့ပြီလို့ ထင်လား။ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာပေါ့လေ။

ဖြေ-ကျွန်တော်ကတော့  ကျွန်တော်အကောင်းဆုံး လုပ်ပေးနိုင်ခဲ့တယ်လို့ပဲ။  ကျွန်တော်အားလုံး လွတ်လပ်အောင် မျှတအောင် ပွင့်လင်းအောင် ကျွန်တော် အကုန်လုပ်ပေးခဲ့တယ်။ မဲရေတာက အစ အချိန်နှင့်တစ်ပြေးညီ ဘယ်သူတွေက ဘယ်နှစ်မဲရနေပြီဆိုတာ သိနိုင်တယ်။ ပြီးတဲ့တစ်ပြိုင်နက်ထဲ ပုံစံ ၁၆ ကပ်ခိုင်းတယ်။ မြို့နယ်သွားပြီး ပုံစံ ၁၈ ကပ်ခိုင်းတယ်။ ဘာမှ မေးစရာမလိုဘူး။ ရွေးကောက်ပွဲ အသုံးစရိတ်ဆိုလည်း ဘာမှ မေးစရာမလိုဘူး။ ကပ်ထားလိုက်တယ်။ သူတို့လာစစ်ကြည့်လို့ မကျေနပ်ဘူးဆိုရင်  ကန့်ကွက်လိမ့်မယ်။ ကျွန်တော်က အမြဲတမ်း ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ထားတယ်။ အဲတော့ ရလဒ်က ကြာရင် ညစ်နိုင်တယ်ပြောတယ်။ အဲတော့ ရလဒ်ကို ကျွန်တော်ချက်ချင်း ထုတ်ပေးတယ်။ တကယ့်တကယ်ဆို တစ်ပတ်အတွင်း ပေးပါတယ်။ နှစ်မြို့နယ်ပါပဲ။ နှစ်မြို့နယ်က ကချင်ပြည်နယ်ပါ။ ရဟတ်ယာဉ်နဲ့ ကောက်ဖို့လုပ်ပါတယ်။ သို့သော် ရာသီဥတုက အခြေနေမပေးလို့ ၃ရက်လောက် နောက်ကျသွားပါတယ်။ ကျွန်တော်လည်း ဆယ်ရက်လောက်အတွင်းမှာ ရလဒ်ကို ထုတ်ပေးနိုင်ပါတယ်။ အဲတော့ ကျွန်တော်တို့  လူထုဖြစ်စေချင်တာအားလုံး လုပ်ပေးနိုင်တဲ့ အတွက်ကြောင့် ကျွန်တော့်ဘက်ကတော့ ကျွန်တော်ကျေနပ်တယ်။ ကျွန်တော့်လုပ်ဆောင်ချက်ကို ကျွန်တော်အကောင်းဆုံး လုပ်ပေးနိုင်တယ်လို့ပဲ။ ကျွန်တော်ဒီလိုပဲ သုံးသပ်ပါတယ်။

မေး-အခုတက်လာမယ့် အစိုးရက ဥက္ကဋ္ဌကြီးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဆက်ပြီးတော့ တာဝန်ပေးမယ် လုပ်ဆောင်စေချင်တယ်ဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ခင်ဗျ။

ဖြေ-မလုပ်တော့ပါဘူး ကျွန်တော်ကတော့။

မေး-ဘာဖြစ်လို့လဲ ခင်ဗျ။

ဖြေ-ကျွန်တော်က လူတစ်မျိုးပါ။ ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ပဲ နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောကြ ဆိုကြ ပြစ်တင်ကြနဲ့။ ကျွန်တော်သိပ်မကြိုက်ဘူး။ ကျွန်တော့်လာပြောလဲ မှားရင် တောင်းပန်မယ်။ ပြီးရင်ပြင်မယ်။ သူများကို ပြောစရာရှိရင်ပြောမယ်။ ပြီးရင် မေ့တာပါပဲ။ ကောင်းစေချင်လို့ ပြောတာပါပဲ။ ဒါမျိုးကြတော့ ကျွန်တော်က မှားတာကို မှားတယ်ပြောလို့ လက်ခံရတာ ပြဿနာမရှိဘူး။  ကိုယ်ကလည်း မမှားပဲနဲ့ ခဏခဏ ပြောတဲ့အခါကျတော့ ဒီဒဏ်ကို ကျွန်တော်မခံနိုင်တော့ပါဘူး။

မေး-ရွေးကောက်ပွဲကာလအတွင်းမှာ CSO  လူမှုအဖွဲ့စည်းတွေနဲ့ လုပ်ခဲ့တဲ့ အတွေ့အကြုံကို ဥက္ကဋ္ဌကြီး ဘယ်လို သုံးသပ်လဲ။

ဖြေ-ကျွန်တော်ကတော့ CSO တွေကို အားလည်း ကိုးပါတယ်။ လေးစားပါတယ်။ ကျွန်တော်က ရွေးကောက်ပွဲမှာ CSOတွေ ပါသင့်တယ်။ ကျွန်တော်ပြောရင်တော့ ၂၀၁၂ ကတည်းက ကျွန်တော်မြင်ပါတယ်။ မြင်ပြီးတော့ CSOတွေကို  ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်မသိတာက ဟိုတုန်းက ကျွန်တော့်ကို ကျွန်တော် တော်တော်လေး ညံပါတယ်။ ကျွန်တော်သိတာက CSOတွေ အပြင်မှာ ရှိတာ ကျွန်တော်မသိဘူး။ မှတ်မိတယ်။ ကျွန်တော် ၂၀၁၂မှာ ကျွန်တော်ဘာသွားမြင်လည်းဆိုတော့ မိခင်နှင့်ကလေးတို့ မီးသတ်တို့ အမျိုးသမီးရေးရာတို့ အဲတာတွေနဲ့ပဲ ကျွန်တော်သွားပြီးတော့ ရွေးကောက်ပွဲ ဗဟုသုတ ပြန့်ပွားရေး ကျွန်တော်ဒါမျိုး လုပ်တယ်။ မဟုတ်ဘူး CSO တွေရှိတယ် ဦးစိုင်းကျော်စွာမြင့်တို့ အဲအဖွဲ့တွေပါ။ သူတို့နဲ့ ကျွန်တော်ပေါင်းပြီးတော့ သူတို့က တော်တော်များများကို လူထုကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဗဟုသုတ ကျွန်တော်တို့ ပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဒါကြောင့် နှစ်လတစ်ကြိမ်လောက် အစည်းဝေးလုပ်ဖြစ်ပါတယ်။ လုပ်တိုင်း လုပ်တိုင်း နှစ်ခုလုပ်ပါတယ်။ ပထမရက်မှာ ပါတီလုပ်ရင် ဒုတိယရက်မှာ CSO အဲနှစ်ရက်နေ့က ယှဉ်ပြီးလုပ်ပါတယ်။ ဆိုလိုတာက နှစ်လတစ်ကြိမ် ပါတီတွေ့ရင် CSOလည်း တွေ့ပါတယ်။ CSOတွေဟာ တော်တော်ကို တော်ပါတယ်။ အတော်ကို စိတ်ဝင်စားမှု ရှိပြီးတော့ တော်တော်လေး ပြောနိုင်ဆိုနိုင် လုပ်နိုင်ကိုင်နိုင် ရှိပါတယ်။ အတော့်ကို စိတ်ဝင်တစားနဲ့ လုပ်သွားတဲ့ အတွက်ကြောင့် CSOတွေ အခန်းကဏ္ဍကို အများကြီးပဲ အသိမှတ်ပြုပါတယ်။

မေး-ဟုတ်ကဲ့ CSOနဲ့ ပတ်သက်ပြီးတော့ တစ်ဆက်တည်းမှာ ကျွန်တော်မေးချင်တာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တာပါ။ ဒီပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ   ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး ကဏ္ဍတိုင်းမှာ လုပ်လာတယ်။ အခုရွေးကောက်ပွဲပြီးတယ် အစိုးရသစ်တစ်ခု ထပ်တက်မယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဘယ်လို သုံးသပ်သလဲ ခင်ဗျ။ အားကောင်းလာသလား ဘယ်အရာတွေက စိန်ခေါ်မှု ရှိသလဲ။ ရှိနိုင်သလဲပေါ့။

ဖြေ-ဒီမိုကရေစီ စနစ်ဆိုတာ တော်တော်ကောင်းတဲ့ စနစ်ပါခင်ဗျာ။  ဒီမိုကရေစီ စနစ်နဲ့ သွားတဲ့ အချိန်ခါမှာ လူထုတွေနဲ့ အသိပညာ ဗဟုသုတ ပညာအရည်အချင်းပေါ့။ မြင့်မားဖို့လိုတယ်။ အဲဒီဒီမိုကရေစီသွားပြီးတော့ လူထုတွေရဲ့  အသိပညာ ဗဟုသတ့ ပညာအရည်အချင်း နည်းနေရင်တော့ မင်းမဲ့စရိုက်တွေ ဖြစ်တတ်ပါတယ်။ ဒါလေးတွေကို ကျွန်တော်တို့ ဂရုစိုက်ရမှာပါ။ စနစ်ထဲမှာ အကောင်းဆုံး စနစ်ကတော့ ကျွန်တော်မြင်သမျှတော့ ကျွန်တော်တို့လည်း ဖြတ်သန်းခဲ့ဘူးတာပေါ့လေ။ ဆိုရှယ်လစ်စနစ် လုပ်ခဲ့ဘူးပါတယ်။ နိုင်ငံတော်ကျင့်သုံးခဲ့ဘူးတာပေါ့။ အားလုံး စနစ်ထဲမှာတော့ ဒီမိုကရေစီ စနစ်က သိပ်ကောင်းတဲ့ စနစ်ပါ။ သို့သော်လည်းပဲ လူထုရဲ့ capacity ပေါ့လေ။ ပညာ၊ ဗဟုသုတ၊ ကိုယ့်အခွင့်ရေးလည်း နားလည်သလို သူ့အခွင့်အရေးလည်း သိရမယ်။ ကိုယ့်တာဝန်ဘာလဲ။ ဒါကိုလည်း သိရမယ်။ အဲလိုသိရင်တော့ ဒီမိုကရေစီ စနစ်က ကောင်းပါတယ်။အပြောင်းအလဲ  နိုင်ငံတော်ပြောင်းလဲသွားလည်း သိပ်ကောင်းပါတယ်။ အဲလိုမှ မဟုတ်ဘဲ လူထုရဲ့ capacity က မတက်လာဘူးဆိုလို့ရှိရင်တော့ မင်းမဲ့စရိုက်တွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း ခင်ဗျားတို့လည်း သတိထားမိမှာပါ.။ ကျွန်တော်တို့ ၂၀၀၈ မှာတော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဆိုတာ နည်းနည်းလေး ထိန်းကျောင်းထားတဲ့ သဘော ရှိပါတယ်။ ဒါလေးတော့ နားလည်ပြီးတော့ အတွေ့အကြုံတွေ များလာရင်တော့ လျော့သွားမယ့် သဘောရှိပါတယ်။

မေး-မေးခွန်းလေးတွေ နည်းနည်း နှစ်ခု သုံးခုလောက် မေးချင်လို့ပါ။ ဥက္ကဋ္ဌကြီးက တပ်မတော်ထဲမှာ တာဝန်ကို နှစ်ပေါင်း လေးဆယ်ကျော်  တာဝန်ယူခဲ့တယ်။ ပြီးတော့ အခုလက်ရှိအစိုးရ သမ္မတ ဦးသိန်းစိန်ကနေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလုပ်ပါဆိုပြီးတော့ တာဝန်ပေး အပ်နှင်းခံရတယ်ပေါ့နော်။ အဲဒီကာလကို ဘယ်လိုမြင်သလဲ။ တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ လုပ်လာတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလုပ်ပါဆိုပြီးတော့ လုပ်တယ်။ အဲဒီအပြောင်းလဲနဲ့ အခုလုပ်ပြီးပြီ ငါးနှစ်တာ ကာလအတွင်းမှာ လုပ်ငန်းတစ်ခု ရွေးကောက်ပွဲ ကော်မရှင်တစ်ခုကို လုပ်ခဲ့ပြီပြီဆိုတော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဟာလေးပေါ့နော်။ ဘဝအပြောင်းလဲလေး ဘယ်လိုမျိုး ကိုယ့်ကိုကိုယ် ခံစားမိလဲ။

ဖြေ- ကြွားသလိုတော့ ဖြစ်မလားမသိဘူး။ ခံစားချက်ကလေးပြောဆိုရင် ဆိုကြပါစို့ ကျွန်တော်က ၆၂ က အာဏာသိမ်းပါတယ်။ တပ်မတော် အာဏာသိမ်းတာပေါ့နော်။ ၆၃ ကြတော့ တပ်ထဲကိုရောက်တာပေါ့နော်။ တော်လှန်ရေး ကောင်စီကနေပြီးတော့ ဆိုရှယ်လစ်ကိုပြောင်းတဲ့ ၇၄ ခုနှစ်ကြတော့ ကျွန်တော် တပ်မတော် ဗိုလ်ကြီးအဆင့်လောက် ရောက်သွားတယ်။ ၇၄မှာ ဆိုရှယ်လစ်စနစ် အုပ်ချုပ်တဲ့ အခါကျတော့ ကျွန်တော် ဒီပြင် ပါတီဝင် ဖြစ်ပါတယ်။ ပါတီဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲတော့ ဆိုရှယ်လစ် စနစ်ကနေပြီးတော့ ၈၈ အရေးခင်းကာလ ဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ တပ်ရင်းမှုးဖြစ်သွားပြီ။ ၈၇မှာ တပ်ရင်းမှုး ဖြစ်သွားတယ်။ အဲတော့ ကျွန်တော်ဘိတ်မှာ ခလရ(၁၇) တပ်ရင်းမှုးဖြစ်ပါတယ်။ အဲတော့ ၈၈ အာဏာသိမ်းတော့လည်း ဘိတ်မှာ ကျွန်တော်ပဲ ထိန်းခဲ့တာပါ။ ဘိတ်သူ ဘိတ်သားတွေ ခင်ဗျားတို့ မေးကြည့်ရင် သိပါတယ်။ အေးအေးချမ်းချမ်းလေးဖြစ်အောင် ကျွန်တော်ပဲ တာဝန်ယူပြီးတော့ ဘိတ်သူ ဘိတ်သားတွေကို သိပ်ကျေးဇူးတင်ပါတယ်။  ကျွန်တော်ဘာမှ မင်းမဲ့စရိုက်တွေ မဖြစ်အောင် အများကြီး ထိန်းပြီးတော့ လုပ်ခဲ့ပါတယ်။ အဲတော့ ၈၈ ကြတော့ ကျွန်တော်ဟာ တပ်ရင်းမှုး ဖြစ်သွားပါပြီ။ ၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အဲတုန်းက ကျွန်တော်နယ်ဘက်ကို စပြီးတော့ တာဝန်ထမ်းဆောင်ဖို့လာတာပါ။ ဟိုတုန်းက စစ်သားသက်သက်ပါ။ အဲဒီကနေ နောက်ဆုံး မြို့နယ်စု ဥက္ကဋ္ဌကနေ နိုင်ငံတော် အေးချမ်းသာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဝင်ထိ ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကြတော့ တပ်မတော်က အနားယူပြီးတော့ ရွေးကောက်ပွဲဝင်ပါတယ်။ ရွေးကောက်ပွဲ ဝင်တဲ့အခါကြတော့ ကျွန်တော် ဇာတိပေါ့လေ။ တံတားဦးဆိုတာကလည်း ကျွန်တော်ဇာတိဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော် အစဉ်သွားစောင့်ရှောက်နေတာပါ။ ကျွန်တော် ရွေးကောက်ပွဲ နိုင်ချင်လို့ မဟုတ်ပါဘူး။ ဟိုကတည်းက ကျွန်တော့်မြို့သွားတယ်။ ကျွန်တော်မွေးတဲ့ ရွာကိုသွားတယ်။ ကျောင်းတွေ ဆောက်ပေးတယ်။ ဆေးခန်းတွေဆောက်ပေးတယ်။ စာကြည့်တိုက်တွေ ဖွင့်ပေးတယ်။ လမ်းလေးတွေ ကောင်းအောင်လုပ်ပေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်သွားခဲ့တာပါ။ ဆိုလိုတာက နိုင်ငံတော်ရဲ့ ဖြစ်စဉ်အားလုံးမှာ တော်လှန်ရေးကောင်စီ လက်ထက်မှာလည်း ကျွန်တော်ပါခဲ့တာပဲ။ ဆိုရှယ်လစ်စနစ်မှာလဲ အတွေ့အကြုံရှိတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာလည်း အတွေ့အကြုံရှိတယ်။ အစိုးရအပြောင်းလဲတိုင်းမှာ ကျွန်တော်က နိုင်ငံတော်အတွက် တာဝန်ယူရတဲ့ အခန်းကဏ္ဍမှာ  ပါဝင်ခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ အခါကျတော့ သူများတွေက ထင်တယ်။ ကျွန်တော်က လူကြီးတွေ အနားက လာတယ်လို့ထင်တယ်။ ကျွန်တော်လူကြီးတွေ အနားက လာတာ မဟုတ်ပါဘူး။ ကျွန်တော်နိုင်ငံတော် အကြီးကဲ ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေဆိုရင် ကျွန်တော် သိပ်မတွေ့ဘူးပါဘူး။ ကျွန်တော် တပ်ရင်းမှူးဖြစ်သလောက်ထိ ကျွန်တော်ထင်ပါတယ် နှစ်ခါသုံးခါလောက်ပဲ တွေ့ဘူးပါတယ်။ ဒါလည်းပဲ နှစ်ယောက်တည်း စကားပြောရတာ မဟုတ်ပါဘူး။ တပ်ကိုလာတဲ့အတွက်ကြောင့် ဧည့်ခံရတာပါ ဒီလောက်ပဲ တွေ့ဘူးပါတယ်။ ကျွန်တော်က အရပ်ဝတ်နဲ့ ကြီးလာတဲ့ လူကြီး ဖြစ်တဲ့အခါကြတော့ ကျွန်တော့်အတွေ့အကြုံအားလုံးကတော့ အခြေခံလူတန်းစားရဲ့ ခံစားချက်တွေက ကျွန်တော့်ရင်ထဲမှာ ရှိပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ ၆၃ ကနေစပြီးတော့ ၂၀၁၀ ခုနှစ် ၂၀၁၅ထိ ဘာနဲ့လုပ်ခဲ့လည်းဆိုတော့ ကျွန်တော့် အတွေ့အကြုံနဲ့ ကျွန်တော်လုပ်ခဲ့တာပဲ။ နိုင်ငံတော်ကြီးမှာ ဘယ်လိုပဲပြောပြော နိုင်ငံတော်ကြီးက တိုးတက်ဖို့ ကောင်းတယ်။ မတိုးတက်ဘူး တိုးတက်အောင် ငါဘာလုပ်နိုင်လဲ။ လုပ်နိုင်သလောက် လုပ်တာပဲ။ ပထဝီအနေထားအရ အင်မတန် အချက်ချာကျ ပါတယ်။ ကျွန်တော်တို့တိုင်းပြည်က တောင့်တင်းဖို့လိုတယ်။ တပ်မတော်လည်း တောင့်ရမယ်။ ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ ဒါတွေ ကျွန်တော်က တအားဖြစ်စေချင်တာ။ ကျွန်တော့်အတွေ့အကြုံအရ ကျွန်တော်တာဝန် ထမ်းဆောင်တဲ့အခါ ပေးတဲ့ တာဝန်ကို ကျေအောင်တော့ ထမ်းတယ်။ ကျွန်တော်ငယ်ငယ်တုန်းက စစ်ဆင်ရေး လုံခြုံရေး တာဝန်ပေးရင် အောင်မြင်အောင်လုပ်ပါတယ်။ ကျွန်တော်တပ်မတော် ဗိုလ်သင်တန်းကျောင်းမှာ နည်းပြ လုပ်ခဲ့ပါတယ်။ မေးကြည့်ပါ ယနေ့ ကျွန်တော် training လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ ရှိပါတယ်။ ကျွန်တော် training ဝင်လည်း ကျွန်တော်မညှာပါဘူး။ ကျွန်တော်အကောင်းဆုံး ဗိုလ်လောင်းတွေကို တပ်မတော် အရာရှိတစ်ယောက်ဖြစ်အောင် ကျွန်တော်ပြုစုပျိုးထောင်ခဲ့ပါတယ်။ ကျွန်တော်ကိုင်စွဲတဲ့ လက်ကိုင်တရားကိုက ပစ္စုပ္ပန် ရှုတာပါပဲ။ လက်ငင်းကောင်းအောင် လုပ်သွားဖို့လိုတယ်။ လက်ငင်းကောင်းအောင်လုပ်သွားရင် အရေတွက်မှ အရည်အချင်းဖြစ်တယ်ဆိုတာ ကောင်းတာတွေများတော့ ကောင်းသောအရည်အချင်း ဖြစ်လာတာပဲ။ ဆိုးတာတွေ များသွားတော့လည်း လူဆိုးတွေ ဖြစ်ကြတာပေါ့။ သူများတွေ ဘာမှ ပြစ်တင်စရာမလိုဘူး ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ။ ဘယ်သူ့ အပြစ်မှ မဟုတ်ဘူး သူများတွေ လျောက် အပြစ်တင်မနေနဲ့။  ကိုယ့်ကိုကိုယ် အသိဆုံးပါပဲ။ ကျွန်တော်က ဒီလိုပဲ ခံယူပြီးတော့ လုပ်ခဲ့တာပါ။

မေး-အဲလို ဖြတ်သန်းခဲ့တဲ့ ဘဝမှာ အခုချိန်ထိ ၂၀၁၅ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် လုပ်ပြီးတဲ့ အချိန်ကာလ အထိပေါ့နော်။ အချိန်တစ်ခုပေါ့ ငါဒီအလုပ်တော့ တော်ပြီ။ ငါလုပ်နေတာကို ငါရပ်ပြီ။ ငါစိတ်ကုန်ပြီ ဆိုပြီးတော့ အဲလိုမျိုး အချိန်ခါ ရှိခဲ့လား။

ဖြေ-ကျွန်တော်မရှိပါဘူး ကျွန်တော်က နေရာတကာ ဖြစ်တာ ပျက်တာ ဖြစ်တော့လည်း ဘာမှ မဖြစ်ဘူး။ ပျက်တော့လည်း ဘာမှ မဖြစ်ဘူး။ ဖြစ်တာ ပျက်တာ မူတည်ပြီးတော့ သင်ခန်းစာပဲ ယူပါတယ်။ ဘာကြောင့်ဖြစ်ရလဲ.။ ဒီဖြစ်တာကိုပဲ ကောင်းအောင် ဘယ်လိုလုပ်ရမလဲ။ ဘာကြောင့်ပျက်ရတာလဲ။ နောင်မဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာကိုပဲ ကျွန်တော်က ဒီလိုသုံးသပ်ပြီးတော့ သွားပါတယ်။ စိတ်ကုန်လောက်အောင် ကျွန်တော်ကတော့နည်းနည်း မေ့မေ့လိုက်တာပေါ့။ အဲလိုစိတ်ပျက်အောင်တော့ မရှိပါဘူး။

မေး-အခုရွေးကောက်ပွဲကော်မရှင်တာဝန် ပြီးသွားပြီဆို နောက်ပိုင်း မပြီးသေးဘူးပေါ့နော်။ အခုနက ရွေးကောက်ပွဲ ကော်မရှင်တာဝန် ဆက်မလုပ်ဘူးလို့ ပြောတယ်ပေါ့နော်။ အဲတော့ ဦးတင်အေး အနေနဲ့ ဘာလုပ်မလဲ။ နိုင်ငံရေး လုပ်မလား။ ဒီဘဝမှာ ဆက်ပြီးတော့ ဘာလုပ်မလဲ။

ဖြေ- ကျွန်တော်က လုပ်တယ်ဆိုတာလည်းပဲ ကျွန်တော်တစ်ယောက်တည်း ဘာလုပ်နိုင်တယ်။ ကျွန်တော်လူမှုရေး လုပ်ငန်းတွေကို ကျွန်တော်လုပ်မှာပါ။ နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ ကူညီပေးမယ်။ လူမှုရေးလုပ်ငန်းတွေလုပ်မယ်။ ကျန်တဲ့ နိုင်ငံတော် တာဝန်ထမ်းဆောင်ဖို့ဆိုတာကတော့ ထမ်းဆောင်ခွင့် ကြုံရင်လည်း ကျွန်တော်ဝင်ပြီးတော့ နိုင်ငံတော်အတွက် လုပ်ဖို့ရှိပါမယ်။ လုပ်ရင်လည်း ကျွန်တော်ခံယူထားသလိုပါပဲ နိုင်ငံတော်ကြီးက တောင့်တင်းဖို့လိုတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး နိုင်ငံတော်ရဲ့ ပညာရေး၊ နိုင်ငံတော်ရဲ့ ကျန်းမာရေး၊ တပ်မတော်ရဲ့ အင်အားတောင့်တင်းရေး ဒါတွေကို ကျွန်တော်တို့ အစဉ်လုပ်နေရမှာပဲ။ ဒါလည်း ကျွန်တော် လူတိုင်းလည်း ပြောပါတယ်။ ကျွန်တော်လည်း ခံယူထားပါတယ်။ ဒါတွေက နောက်ဆုံးထွက်သက်ထိ ကျွန်တော်လုပ်သွားမှာပါ။

မေး-ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး တာဝန်ကို အောင်အောင်မြင်မြင်လုပ်ခဲ့တယ်။ ဘဝမှာလည်း အဆင့်လိုက် အဆင့်လိုက် နေရာတိုင်းမှာ ပေးအပ်တဲ့ တာဝန်ကို အောင်အောင်မြင်မြင်လုပ်ခဲ့တယ်။  အောင်မြင်မှုကို ရခဲ့တယ်ပေါ့နော်။ ကိုယ်လုပ်ခဲ့တဲ့လုပ်ငန်းတွေမှာ အဲတော့ နောင်လာနောင်သားတွေ အထူးသဖြင့် လူငယ်တွေကို ဥက္ကဋ္ဌကြီး ဘာပြောချင်လဲ။

ဖြေ- ကျွန်တော်ပြောချင်တာကတော့လေ ဒါလည်း ကျွန်တော်တပ်တွေမှာပြောပါတယ်။ တကယ့်တကယ်တော့ ကိုယ်ကောင်းလို့လဲ မရပါဘူး။ ကိုယ်ကောင်းတာနဲ့ အောင်မြင်တယ်ဆိုတာ လုံးဝ မှန်တဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ကိုယ်ကောင်းသလို ကိုယ့် အဖွဲ့စည်းလည်း ကောင်းအောင် လုပ်တတ်ရတယ်။ ကိုယ်တော်သလို ကိုယ့်အဖွဲ့စည်း တော်အောင်  လုပ်တတ်ရတယ်။ ဆိုကြပါစို့ ပန်းပုထုမယ့် ပုဂ္ဂိုလ်ဟာ ဘယ်လောက်တော်တော် ဆူးတွေ စောက်တွေက တုံးနေရင် ပုံကောင်းမထွက်ပါဘူး။ လက်ရာကောင်းကောင်းမရပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် ကျွန်တော်သူငယ်ချင်းတွေ ပြန်ပြီးတော့ သုံးသပ်ပါတယ်။ ငါ့သူငယ်ချင်းက ငါ့ထက်တော်ပြီးတော့ ငါလို ဘာလို့ မဖြစ်တာလဲ။ သူက သူ့ကိုယ်သူ တော်တာပဲ ရှိတယ်။ သူ့အဖွဲ့စည်းကို သူတော်အောင် မလုပ်နိုင်ဘူး။ အဲတော့ သူ့အဖွဲ့စည်းက မတော်တဲ့ အခါကျတော့ ရလဒ်က မရဘူး။ အောင်မြင်ရင် ကျွန်တော်ဆိုလိုတာက ဘာမှ မပြောနဲ့ သိပြီးသား။ ဘာကြောင့်အောင်မြင်လဲ သူတို့ ကောင်းလို့ အောင်မြင်တာ။ မအောင်မြင်တာ သူတို့မကောင်းလို့  မအောင်မြင်တာ။ သူတို့မကောင်းလို့ မအောင်မြင်တာ သွား အပြစ်တင်လို့ မရဘူး။ သူတို့ကိုကောင်းအောင်လုပ်ဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ သူကို ကောင်းအောင်လုပ်မှ  ကိုယ်ကောင်းမှာပေါ့။ ကျွန်တော်ဒီတရားကို အစဉ်လက်ကိုင်ထားတယ်။ ဒါကျွန်တော်ရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ပါပဲ။ ကျွန်တော်ပြောပြချင်တာက ဒါပါပဲ။

ဥက္ကဋ္ဌကြီး အခုလို မအားလပ်တဲ့ ကြားထဲက အင်တာဗျုး အချိန်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly