မြန်မာနှင့် တရုတ်နိုင်ငံသား ၂၉ ဦးကို တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ဖိလစ်ပိုင် ကယ်တင် 

By Vietnam Plus
01 October 2022
မြန်မာနှင့် တရုတ်နိုင်ငံသား ၂၉ ဦးကို တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ဖိလစ်ပိုင် ကယ်တင် 

အောက်တိုဘာလ ၁ ရက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ လောင်းကစားကုမ္ပဏီတစ်ခုအတွက် “တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းများ” တွင် အတင်းအကျပ် စေခိုင်းခြင်းခံရသော လူကုန်ကူးခံရသည့် မြန်မာနှင့် တရုတ်နိုင်ငံသား ၂၉ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက စက်တင်ဘာ ၃၀ ရက်တွင် ကြေညာသည်။  

ဖိလစ်ပိုင် ကမ်းလွန်လောင်းကစားလုပ်ငန်းများဟု ခေါ်သော POGOs လုပ်ငန်းများတွင် ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာမှုနှင့် လူသတ်မှုသတင်းများ ထွက်ပေါ်ပြီးနောက် ဖြိုခွင်းရာတွင် ယခုကဲ့သို့ ကယ်တင်နိုင်ခြင်း ဖြစ်သည်။ 

ကယ်တင်နိုင်ခဲ့သူများထံမှ သတင်းအချက်အလက်များကို အခြေခံပြီး နောက်ထပ် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် အီလီစီယီု ခရုစ်က ပြောသည်။ ၎င်းတို့သည် POGOs ၏ တရားဝင်လုပ်ငန်းများအဖြစ် ဖုံးကွယ်ထားသော ကုမ္ပဏီများအတွက် အလုပ်လုပ်ပေးကြခြင်းဖြစ်သော်လည်း အမှန်တကယ်မှာ “တရားမဝင် လောင်းကစားလုပ်ငန်းများတွင် ခိုင်းစေခံရသည့် တရားမဝင် ကုန်ကူးခံရသူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ကယ်တင်ခံရသည့် မြန်မာနိုင်ငံသားများက နှစ်ဦးက ပြောရာတွင် ၎င်းတို့သည် ဒူဘိုင်း၌ ဖောက်သည်ဝန်ဆောင်မှုကိုယ်စားလှယ်များအဖြစ် လုပ်ကိုင်ရန် ခေါ်ယူခံရပြီးနောက် ယခု ဖိလစ်ပိုင်သို့ မတ်လအတွင်းက ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသည်။ 

၎င်းတို့၏ ပတ်စ်ပို့များကို သိမ်းဆည်းခံရပြီး တစ်ရက်လျှင် ၁၄ နာရီ လုပ်ကိုင်ကြရကာ ဖြစ်နိုင်သော ဖောက်သည်ကို အွန်လိုင်းတွင် လှည့်ဖျားသွေးဆောင်ပြီး အတုအယောင် လောင်းကစားခြင်း၌ ပါဝင်ရန် တိုက်တွန်းဆွယ်ကြရခြင်းဖြစ်သည်။ 

ထိုအပြင် အခြားသော ကုမ္ပဏီတစ်ခုသို့ ပီဆို ၃ ဒသမ ၅ သန်းဖြင့် ရောင်းချခံရပြီး ယင်း ပိုက်ဆံကို ပြန်ဆပ်ရမည်ဟုလည်း ပြောခံရကြောင်း ကယ်တင်ခံရသူများက ပြောကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly