ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို စစ်ကောင်စီ၏ အချုပ်ထောင်တရားရုံးက ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်

ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို စစ်ကောင်စီ၏ အချုပ်ထောင်တရားရုံးက ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်

October 1

မဇ္ဈိမ။ ။ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ၊ ဒေါက်တာထားထားလင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက် နေ့တွင် စစ်ကောင်စီ၏ နေပြည်တော် အချုပ်ထောင်တရားရုံးက အမှုသုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ်စီ(ထောင်ဒဏ် လေးနှစ်) ထပ်မံ ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

ဒေါက်တာထားထားလင်းကို မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁)၊ ၁၇(၂) ၊ ရာဇသတ်ကြီဥပဒေပုဒ်မ ၅၀၅(က)တို့အတွက် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ပုဒ်မ ၁၇(၁) ၊ ၁၇(၂)အတွက်ထောင်ဒဏ်များကို ပြစ်ဒဏ်နှင့် စ်တပေါင်းတည်း ကျခံရန် အမိန့်ချခဲ့သည့်အတွက် စုစုပေါင်း ထောင်ဒဏ် လေးနှစ် ထပ်မံကျခံရမည်ဖြစ်သည်။

ယခုနှစ် ဧပြီလအတွင်းကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည့်အတွက်ဒေါက်တာထားထားလင်းကို ထောင်ဒဏ် စုစုပေါင်း ခုနစ်နှစ်အထိ ချမှတ်ထားပြီဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့်အမှုအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံတက်မှုမှာ ပယ်ချခံခဲ့ရသည့်အတွက် အထူးအယူခံ ဆက်တက်ထားကာ လက်ခံ၊ မခံ မသိရသေးကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။

ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နေပြည်တော်တွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုတစ်ခုတွင် ပါဝင်ခဲ့ပြီး ပုခုံးရိုးခွဲစိတ်ခဲ့ရကာ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

NLD အရပ်သား အစိုးရလက်ထက်က COVID-19 ရောဂါကာကွယ်ဆေးရရှိရန် အဓိက ကြိုးပမ်းခဲ့သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည့် ဒေါက်တာထားထားလင်းသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် COVID-19 ရန်ပုံငွေကြေးထဲမှ လက်ကျန်ငွေအား စစ်ကောင်စီထံမပေးဘဲ UNICEF သို့ ပြန်လည်အပ်နှံခဲ့သည့်အတွက် နိုင်ငံ့ဘဏ္ဍာငွေဆုံးရှုံး သည်ဟူသော စွပ်စွဲချက်ဖြင့် ထားထားလင်းကို စစ်ကောင်စီက ဒေါက်တာ တရားစွဲခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပြည်သူ့ကျန်းမာရေးဦးစီးဌာန

#ညွှန်ကြားရေးမှူး

#ဒေါက်တာထားထားလင်း

#စစ်ကောင်စီတရားရုံး

#ထောင်ဒဏ်၄နှစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required