ရွှေဈေးနှင့် ငွေလဲလှယ်နှုန်းများအပြိုင် ကျဆင်းနေ၊ ဆက်လက်ကျဆင်းနိုင်ဟုဆို

ရွှေဈေးနှင့် ငွေလဲလှယ်နှုန်းများအပြိုင် ကျဆင်းနေ၊ ဆက်လက်ကျဆင်းနိုင်ဟုဆို

October 1

မဇ္ဈိမ ။ ။ ပြည်တွင်းတွင် ရွှေဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းများ အပြိုင်ကျဆင်းနေပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်သူများနှင့် ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်နေကြသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၂,၃၇၀,၀၀၀ (၂၃ သိန်း ၇ သောင်း) ဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာလျှင် ၂,၇၀၀ ကျပ် ဝန်းကျင်နှင့် ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် ၇၀ ဝန်းကျင်ဖြင့် အသီးသီး ဈေးကွက်စဖွင့်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

" ဒီနေ့က ပိတ်ရက်ဖြစ်ပေမယ့် ဈေးကွက်စဖွင့်တာတောင် ကျဈေးနဲ့စဖွင့်တယ်။ ဒီပုံစံအတိုင်းသာဆိုရင် လာမည့် တစ်ပတ်အတွင်းမှာပဲ ရွှေဈေးက ၂၁ သိန်းဝန်းကျင်အထိ ရောက်နိုင်တယ်" ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းနှင့်အပြိုင်တက်ခဲ့သည့် ထိုင်းဘတ်ငွေဈေးနှုန်းမှာလည်း ယနေ့ အောက်တိုဘာ ၁ ရက်နေ့ မြဝတီငွေလဲဈေးကွက်အတွင်း၌ ၇၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြ ကြောင်း သိရသည်။

" ဒေါ်လာဈေးကျသလို ဘတ်ဈေးလည်းကျတယ်။ မကြာခင်မှာ သီတင်းကျွတ်ပိတ်ရက် ရောက်တော့မှာဖြစ်တဲ့အတွက် နိုင်ငံခြားသွားမယ့်သူတွေရှိရင် သူတို့ကတဆင့် ဝယ်လိုအားများရင် ဈေးအနည်းငယ် ပြန်တက်နိုင်ချေတော့ရှိတယ်" ဟု ကျိုင်းတုံမြို့မှ ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကလည်း သုံးသပ်သည်။

လက်ရှိပြည်တွင်း၌ ရွှေဈေး၊ ငွေလဲလှယ်ဈေးနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ အပြိုင်ကျဆင်းနေသော်လည်း ၎င်းတို့အအပေါ် အမှီပြုပြီးဈေးတက်ခဲ့သည့် အခြေခံစားသောက်ကုန်အပါအဝင်၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိသေးသည်ကိုတွေ့ရသည်။

စာတည်း ။။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရွှေဈေး

#ဒေါ်လာ

#စက်သုံးဆီ

#ငွေလဲလှယ်နှုန်း

#ဈေးနှုန်းကျဆင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly