October 1
မင်းတပ်(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာ ငိုင်းတမ်မောင်းကို ခန့်အပ် တာဝန်ပေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ယမန်နေ့ စက်တင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံး၍ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် ကြေညာ ချက်အမှတ် (၁၉/ ၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ဒေါက်တာ ငိုင်းတမ်မောင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် ဟု ဖော်ပြထားသည်။
ဒေါက်တာငိုင်းတမ်မောင်းသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်းတွင် BVSc ဘွဲ့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ ရန်ကုန်တွင် Master of Divinity (MDiv) ဘွဲ့ကိုလည်းကောင်း၊ စင်ကာပူနိုင်ငံရှိ Counselling School of Singapore Bible College တွင် Master of Art in Counselling (MAC) ဘွဲ့ကိုလည်းကောင်း ရရှိထားသည်။
ဒေါက်တာငိုင်းတမ်မောင်းသည် နိုင်ငံရေးလောကသို့ဝင်ရောက်ပြီးနောက် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် အမှတ် (၆) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခြင်းခံခဲ့ရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မင်းတပ်သပိတ်ခေါင်းဆောင်များ၊ CDMer များနှင့်စုပေါင်း၍ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ နာယကတစ်ဦး အဖြစ်ပါဝင်ခဲ့သည်။
ထို့ပြင် ဒေါက်တာငိုင်းတမ်မောင်းသည် Chin Humanitarian and Relief Committee (CHRC) ၏ ဥက္ကဋ္ဌ ၊ Interim Chin National Consultative Council (ICNCC)၏ အဖွဲ့ဝင် နှင့် NUCC ၏ Joint Coordination Committee (Humanitarian Assistance) တွင် ICNCC ၏ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောက်ရွက်လျက်ရှိသည်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အစိုးရအဖွဲ့တွင် ဒေါက်တာဘွဲ့ရရှိ ထားသည့် ချင်းတိုင်းရင်းသားများအဖြစ် ဖက်ဒရယ်ပြည်ထောင်စု ရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ယခုရွေးချယ်ခြင်း ခံရသည့်လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာငိုင်းတမ်မောင်းတို့ပါဝင် တာဝန်ထမ်းဆောင်လျက်ရှိသည်။
စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး