မုံရွာတွင် ၂၄ နာရီအတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၂ ခုကို ဝင်ရောက်တိုက်ခိုက် ၈ ဦးသေ

မုံရွာတွင် ၂၄ နာရီအတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၂ ခုကို ဝင်ရောက်တိုက်ခိုက် ၈ ဦးသေ

October 1

မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာနှစ်ခုအား ၂၄နာရီ အတွင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦီးသေဆုံးကြောင်း မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force ) က ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၃၀ရက်နေ့ ညနေ ၆နာရီ ၁၀မိနစ်ခန့်က မုံရွာ စီးပွားရေးဘဏ်တွင် ခြင်းခတ်ကစားနေသည့် စစ်ကောင်စီတပ်သား လေးဦး ၊ သဲအိတ်အကာဖြင့် ကင်းစောင့်နေသူတစ်ဦး ၊ မော်တော်ပီကယ် ဂိတ်တဲရှေ့တွင် လက်နက်ဆောင်ထားသူ တစ်ဦးတို့အား အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အနီးကပ် ပစ်ခတ်ခဲ့တာပါ။ အလစ်အငိုက်ကို သေချာစောင့်ပြီး တိုက်ခဲ့တဲ့ အတွက် အခုလိုသေကုန်တာ” ဟု Chindwin Attack Force ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

မုံရွာ စီးပွားရေးဘဏ်အား ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့သည်ကို သတင်းကောင်းပေးလိုကြောင်း Chindwin Attack Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ လက်နက်နှင့် လူတခြားစီ ဖြစ်ခဲ့ပြီး လဲကျသွားခဲ့သော်လည်း အနီးအနားရှိမြဝတီဘဏ်တွင်လည်း စစ်ကောင်စီ တပ်သားများ ရှိသဖြင့် လုံခြုံရေးအရ လက်နက်များ ကောက်ယူရမည့် အခွင့်အရေးအား လက်လွှတ်ခဲ့ရသည်ဟု ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

စီးပွားရေးဘဏ်တွင် စစ်ကောင်စီတပ်သား ၁၅ဦီးဝန်းကျင် တပ်စွဲထားကြောင်း နှင့် ၎င်းတို့ အလစ်အငိုက်တွင် အချိန်ကိုက်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စီးပွားရေးဘဏ်ရှေ့ တိုက်ခိုက်မှု စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force ) တပ်ရင်း (၂) ၊ (၃) ၊ (၄) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ IO ၏ သတင်းပေးအတည် ပြုချက်အရ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys မှ ပြောက်ကျားစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းအချိန်က မုံရွာမြို့ စီးပွားရေးတက္ကသိုလ် (ECO) တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲများအား လက်လုပ် ၄၀မမ များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force ) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People နှင့် မုံရွာပြောက်ကျားတပ်ဖွဲ့များ ဖြစ်သော ဗိုလ်ပေါက်ကြား ၊ ဗိုလ်ဗျတ်ဝိ ၊ Black Rose တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#မုံရွာ

#တိုက်ခိုက်မှု

#စစ်ကောင်စီတပ်သား

#၈ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly