ပါကစ္စတန်တွင် ရွေးကောက်ပွဲ ဆောလျင်စွာ ကျင်းပပြီး နိုင်ငံရေးတည်ငြိမ်စေမည့် လမ်းကြောင်း ဖန်တီးသင့်ဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ပြော

ပါကစ္စတန်တွင် ရွေးကောက်ပွဲ ဆောလျင်စွာ ကျင်းပပြီး နိုင်ငံရေးတည်ငြိမ်စေမည့် လမ်းကြောင်း ဖန်တီးသင့်ဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ပြော

ပါကစ္စတန်တွင် တော်လှန်ရေးတစ်ခုက မကြာမီ ဖြစ်ပေါ်လာဖွယ် ရှိကြောင်းနှင့် ရွေးကောက်ပွဲများကို ဆောလျင်စွာ စီစဉ်ပြီး နိုင်ငံရေးတည်ငြိမ်မှုအတွက် လမ်းကြောင်းတစ်ခု ဖန်တီးသင့်ကြောင်း ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ အကြီးအကဲ အီမရန် ခန်းက ပြောခဲ့သည်ဟု ARY News က ဖော်ပြသည်။

အီမရန် ခန်းသည် ပန်ဂျပ်ပြည်နယ်အစိုးရအဖွဲ့မှ အဖွဲ့ဝင်များနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ပြည်နယ်ရှိ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း အဆိုပါ ပြည်တွင်းမီဒီယာက ဖော်ပြသည်။

အစည်းအဝေးအတွင်း ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အူစမန် ဘက်ဇ်ဒါ၊ ပန်ဂျပ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဆစ်ဘ်တိန် ခန်းနှင့် အခြားသော ပါဝင်သူများသည် အထူးသဖြင့် ပြည်နယ်၌ ရေကြီးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးမှုများနှင့် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အပါအဝင် ပြည်နယ်၏ နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ပြည်နယ်ရှိ အာဏာရပါတီဝင်များအကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပြင် ညွန့်ပေါင်းပါတနာများအကြား ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့်ရန် လိုအပ်ကြောင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ပန်ဂျပ်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ထူးကဲသည့် အောင်ပွဲတစ်ရပ် ရယူနိုင်ခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကို PTI အကြီးအကဲက ချီးကျူးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required