ယူကရိန်း စစ်ပွဲက အလွန်စိုးရိမ်စရာကောင်းကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ကုလလုံခြုံရေး ကောင်စီတွင် ပြောကြား

By The Hindu
27 September 2022
ယူကရိန်း စစ်ပွဲက အလွန်စိုးရိမ်စရာကောင်းကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ကုလလုံခြုံရေး ကောင်စီတွင် ပြောကြား

အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ယူကရိန်းစစ်ပွဲသည် အလွန်စိုးရိမ်စရာကောင်းကြောင်း စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင်  ပြောကြားခဲ့သည်။

အခြားနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အစိုးရအကြီးအကဲများကဲ့သို့ ဂျိုင်ရှန်ကာက ရုရှားနိုင်ငံအမည်အား ထုတ်ဖော်မပြောခဲ့သော်လည်း အဆိုပါ စစ်ပွဲသည် တစ်ကမ္ဘာလုံးအတွက် အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အနာဂါတ်ရဲ့ အလားအလာက ပိုမိုစိုးရိမ်စရာ ကောင်းနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

အဆိုပါ အစည်းအဝေးမတိုင်မီ တစ်ရက်က ရုရှားသမ္မတဗလာဒီမာပူတင်က စစ်သား ၃ သိန်း တပ်ဖြန့်ချသွားမည်ဖြစ်သလို နျူကလီးယားဖြင့် တိုက်ခိုက်မှုလည်း ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

“နျူကလီးယားကိစ္စက အထူးသဖြင့် စိုးရိမ်စရာ ကောင်းနေပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောခဲ့သည်။

ကမ္ဘာ့တောင်ပိုင်းတွင် စစ်ပွဲ၏ ပိုမိုပြင်းထန်သည့် သက်ရောက်မှု ဒဏ်ကို ခံစားနေရကာ စားနပ်ရိက္ခာနှင့် လောင်စာမလုံလောက်မှုတို့ကို ကြုံတွေ့နေရကြောင်းလည်း ၎င်းက ပြောကြားသည်။

“ဒါ့ကြောင့် ရုန်းကန်နေရတဲ့ ကမ္ဘာ့စီးပွားရေးကို ပိုမိုဆိုးရွားအောင် ကျွန်တော်တို့ ထပ်မလုပ်သင့်ပါဘူး။ ရန်ပြု တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းပြီး သံတမန်ရေးအရ ပြန်လည် ဆွေးနွေးညှိနှိုင်းဖို့  အိန္ဒိယအနေနဲ့ လေးလေးနက်နက် ထပ်မံ တိုက်တွန်းလိုပါတယ်။ အခုကာလက စစ်ဖြစ်ရမယ့် ကာလမဟုတ်တော့ပါဘူး” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပူတင်အား ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် ပြောကြားချက်အား ဂျိုင်ရှန်ကာက ထပ်လောင်း ပြောကြားခဲ့သည်။

စစ်ပွဲကာလအတွင်း လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများသည်လည်း လက်ခံနိုင်စရာ မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required