ညောင်ဦးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်း စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု ဆိုကာ ပစ်ခတ်ခံရ

ညောင်ဦးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်း စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု ဆိုကာ ပစ်ခတ်ခံရ

September 30

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်း တစ်ဦးကို စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု ဆိုကာ ထနောင်းမြေပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာတွင် နေထိုင်သည့် ဦးအောင်မင်းထိုက်ကို ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီတွင် ပြောက်ကျားတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်မင်းထိုက်သည် စစ်တပ်အာဏာ သိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်း၍ ဒေသခံ ပြည်သူများကို အနိုင်ကျင့်ခြင်း၊ အဓမ္မ ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီအတွက် ငွေရှာပေးခြင်းများ ပြုလုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ထနောင်းမြေ ပြောက်ကျားတပ်ဖွဲ့က ဆိုထားသည်။

အဆိုပါ ပစ်ခတ်မှုကို မြင်းခြံ MGN ၊ ထနောင်းမြေ ပြောက်ကျားတပ်ဖွဲ့၊ ပုဂံပြည်ဘီလူးတပ်(PDF)နှင့် People’s Spirit Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဦးအောင်မင်းထိုက်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ညောင်ဦးမြို့နယ်တိုင်းလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ သူဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပိတ်ဆို့ရှာဖွေမှု များပြုလုပ်နေပြီး ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း

#ညောင်ဦးမြို့နယ်

#ကြံခိုင်ရေးပါတီ

#ကိုယ်စားလှယ်ဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required