ဝက်လက်မြို့နယ် လှတောရွာတွင် စစ်ကောင်စီတပ်သား ဦးရေ ၁၅၀ ခန့် အင်အားထပ်ဖြည့်

ဝက်လက်မြို့နယ် လှတောရွာတွင် စစ်ကောင်စီတပ်သား ဦးရေ ၁၅၀ ခန့် အင်အားထပ်ဖြည့်

ကော်သူးလေ(မဇ္ဈိမ)။  ။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊လှတောရွာအား စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ခန့် ထပ်မံဖြည့်တင်းနေကြောင်း GZ Special Task Force - Wetletအဖွဲ့ထံက သိရသည်။ 

မုံရွာ၊ဝက်လက်၊ရွှေဘိုဘက်မှ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်သို့ တက်ရသည့် အဆိုပါလမ်းဆုံလမ်းခွ လှတောရွာတွင် စစ်ဆေးရေးဂိတ်အဖြစ် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့် ထားရှိရာမှ ယခုကဲ့သို့ အင်အားထပ်မံဖြည့်တင်းခြင်း ဖြစ်သည်ဟု သိရသည်။ 

အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် လှတောရွာသည် ဝက်လက်မြို့အနောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီတပ် တပ်စွဲထားသည်မှာတစ်လကျော်ကြာမြင့်ပြီဖြစ်သည်ဟု ဆိုသည်။

“လှတောကိုအင်အားသွားဖြည့်ကြတာ၊ ဒီစစ်ကောင်စီတပ်တွေက ရွှေဘိုဘက်ကနေ တောလမ်းတွေအတိုင်းလာကြတာ လက်နက်ကြီးတွေ ရမ်းသန်းပစ်တာတွေတော့ရှိတယ် ။ အိမ်တွေဘာတွေတော့မီးရှို့တာမျိုးမရှိဘူး ။ အခုလှတောကို အကုန်ရောက်ကုန်ပါပြီ” ဟု GZ Special Task Force - Wetletအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လှတောရွာတွင် ယခင်ကတပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့အား လွန်ခဲ့သည့် တစ်လခန့်က ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးခဲ့သည်ဟု သိရသည်။

ထို့်နောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများငြိမ်သက်နေရာမှ ယခုကဲ့သို့ စစ်ကောင်စီတပ်မှ အင်အားဖြည့်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လှတောတွင်ရှိနေသည့် ဒေသခံရွာသားများမှာ ထိတ်လန့်နေရပြီး အချို့မှာလည်း နီးစပ်ရာတိမ်းရှောင်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်းရှိ လှတောရွာတွင် အင်အား ၂၀၀ ခန့်ဖြင့်လည်းကောင်း ၊ရွာသာကြီးရွာတွင် အင်အား ၅၀ ခန့်ဖြင့်လည်း‌ကောင်း ၊ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ရှိန်းမကားရွာတွင် အင်အား ၇၀ ခန့်ဖြင့်လည်း‌ကောင်း အသီးသီးတပ်စွဲအထိုင်ချထားပြီး ဝက်လက်မြို့ပေါ်တွင်လည်း မြို့မရဲစခန်းတွင် အခိုင်အမာ အထိုင်ချလျက် ရှိနေသည်ဟု သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#လှတောရွာ
#စစ်ကောင်စီတပ်ဖွဲ့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required