“သောင်ရင်းမြစ်၏ တစ်ဖက်ခြမ်း” ဓာတ်ပုံပြပွဲ မဲဆောက်မြို့တွင် ပြုလုပ်မည်

“သောင်ရင်းမြစ်၏ တစ်ဖက်ခြမ်း” ဓာတ်ပုံပြပွဲ မဲဆောက်မြို့တွင် ပြုလုပ်မည်

ကော်သူးလေ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြသည့်ရဲဘော်များနှင့် ပြည်သူများ၏ ဘဝအခြေအနေအကြောင်း ရိုက်ကူးထားသည့် “သောင်ရင်းမြစ်၏တစ်ဖက်ခြမ်း” ဓာတ်ပုံပြပွဲ မဲဆောက်မြို့တွင် ပြုလုပ်မည်ဟုသိရသည်။

ယင်းဓာတ်ပုံပြပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်အထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဘော်ဒါလိုင်းကဖေး ( Borderline Cafe ) တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ 

“ ဒီပြပွဲ လုပ်ဖို့ အစီအစဥ်မရှိဘူး။ သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ထိန်းသိမ်းချင်တာ။ ဒါပေမဲ့ Soldier cat နဲ့စကားပြောဖြစ်တော့ လုပ်မယ်ဆိုပြီး ချက်ခြင်းစီစဥ်ဖြစ်တာ။ ရင်းနှီးတဲ့ လူတွေအကုန်လုံးကိုလျှောက်ပြီး အကူညီတောင်းတယ်။ ပြပွဲမှာ ပြတဲ့ပုံတွေက သောင်ရင်းမြစ် တစ်ဖက်ခြမ်းဆိုတဲ့အတိုင်းပဲ နယ်စပ်တစ်လျှောက်မှာရှိတဲ့ လွတ်မြောက်နယ်မြေတွေမှာ ရိုက်ကူးခဲ့တာ” ဟု ဓာတ်ပုံရိုက်ကူးခဲ့သူက ဆိုသည်။

အမည်မဖော်လိုသည့် ဓာတ်ပုံဆရာက ၎င်းကိုယ်တိုင်အမှတ်တရပေါင်းများစွာဖြင့် ရိုက်ကူးထားသည့် တောတွင်းမှတော်လှန်ရဲဘော်များ၏ဖြတ်သန်းမှု၊ တိုက်ပွဲပုံရိပ်၊ စစ်ရှောင်ဒေသခံ တိုင်ရင်းသားများ၏ လူနေမှုဘဝစသည့် ဓာတ်ပုံ ၃၀ ခန့်ကို ပြသသွားမည် ဖြစ်သည်။

ထို့အပြင် တစ်ပုံလျှင် ဒေါ်လာ ၁၀၀ နှုန်းသတ်မှတ်ကာ ရောင်းချသွားမည်ဖြစ်ပြီး ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို Soldier Cat Fundraising အဖွဲ့ မှတစ်ဆင့် စစ်ရှောင်စခန်းများနှင့် စစ်ပြေးရှောင်များထံ ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required