အမျိုးသမီးစစ်သည်တွေစုဆောင်းရတဲ့အထိ စစ်ကောင်စီ တပ်ပျက်နေပြီလား (ဓားရိုင်း) (ဆောင်းပါး)

အမျိုးသမီးစစ်သည်တွေစုဆောင်းရတဲ့အထိ စစ်ကောင်စီ တပ်ပျက်နေပြီလား (ဓားရိုင်း) (ဆောင်းပါး)

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်တွေ အင်အားချိနဲ့ နေပြီဆိုတာ သေချာတယ်။ စစ်ဆင်ရေးတိုင်း ဒဏ်ရာရ သေဆုံးတွေ တိုးနေသလို ဘက်ပြောင်းတာတွေလည်း များနေတာပါ။ ဒီအချိန်မှာ တိုက်ဆိုင်တယ်လို့ပဲပြောရမလား။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီပိုင် မြဝတီ သတင်းစာမှာ စစ်သည်စုဆောင်းတဲ့ ကြော်ငြာတစ်ခုတွေ့ခဲ့ရပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အိမ်ထောင်မရှိသူ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ လျှောက်ထားသူတွေကို သင်တန်း ၄ လ ပေးပြီး ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေမှာ တပ်သားအဖြစ် စစ်မြေပြင် အထောက်အကူပြု တာဝန်တွေ ပေးအပ်သွားမယ်လို့ဆိုထားပါတယ်။ လျှောက်ထားသူတွေအနေနဲ့ အရင်ကသတ်မှတ်ချက်အတိုင်း ဘွဲ့ရဖို့ မလိုပေမယ့် ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၀၀ နီးပါးရှိရမယ်လို့ဆိုထားပါတယ်။ စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ တပ်သားသစ်စုဆောင်းဖို့ ရုန်းကန်နေရတဲ့အပြင် စစ်တက္ကသိုလ်တွေကို တက်ရောက်မယ့်သူ အရေအတွက်လည်း သိသိသာသာကျဆင်းသွားခဲ့တာပါ။ စစ်တက္ကသိုလ်၊ စစ်နည်းပညာ တက္ကသိုလ်နဲ့ စစ်ဆေးတက္ကသိုလ်တွေမှာ အသက်ကန့်သတ်ချက်တွေကို ဇွန်လကစပြီး ၁၈ နှစ်ခွဲအထိ တိုးမြှင့် သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီမျှော်လင့်ထားသလို စစ်တက္ကသိုလ်တက်ရောက်ဖို့ လျှောက်ထားသူ အရေအတွက်ကတော့ တိုးမလာခဲ့ပါဘူး။ အဲဒါကြောင့်ထင်ပါတယ်။ စစ်ကောင်စီဟာ အင်အား တိုးချဲ့ဖို့အတွက် အရာရှိ စစ်သည်ဇနီးတွေကို စစ်သင်တန်းတက်ဖို့ညွှန်ကြားတာအပြင် တပ်ထောက်ခံသူတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ၊ စစ်သားဟောင်းတွေနဲ့ စစ်တပ်လက်စွဲ ပျူစောထီးတပ်တွေကို ဖွဲ့စည်းထားခဲ့ရတာ တွေ့ရတယ်။ ဒီလိုတိုက်ရည်ခိုက်ရည် မပြည့်မီသူတွေကို ကြုံသလိုဆွဲသွင်းထားခဲ့တာကြောင့်လည်း တိုက်ပွဲ အတွေ့အကြုံရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ တွေမှာ အထိအခိုက် အကျအဆုံးတွေ များနေခဲ့တာဖြစ်ပါလိမ့်မယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အဆိုအရတော့ ၂၀၂၁ ခုနှစ်၊ စက်တင် ဘာ ၇ ရက်မှာ NUG ကစစ်ကြေညာပြီးနောက် စစ်ကောင်စီတပ်သား နှစ်သောင်းကျော်သေဆုံးထားပြီး ၇,၀၀၀ ကျော်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်အစောပိုင်းမှာ စစ်တပ်အင်အား ၃ သိန်းခွဲ နီးပါးရှိခဲ့ပေမယ့် လက်ရှိမှာတော့ အင်အား ၃ သိန်းလောက်သာ ကျန်ပြီး အဲဒီထဲက ၁ သိန်းဟာ စစ်ဆင်ရေးဆင်နွှဲနေတဲ့ စစ်သားတွေဖြစ်တယ်လို့အကြမ်းမျဉ်းသိရပါတယ်။ ပြီးခဲ့တဲ့ စစ်တပ် လေးလပတ်အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် သူ့ရဲ့တပ်သားတွေ အကျအဆုံး များနေပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝမှုမရှိဘူးဆိုတာကို ဝန်ခံထားရအထိအခြေအနေဆိုးနေခဲ့တာပါ။ ဒါပေမယ့် စစ်တပ်ကျဆုံးခန်းကြုံနေရတာဟာ သူ့အပြစ်မဟုတ်ဘဲ စစ်ဆင်ရေးကို ဦးဆောင်နေသူတွေနဲ့ တပ်သားတွေရဲ့ အပြစ်လို ပြောသွားခဲ့တာတွေ့ရပါတယ်။ တပ်သားတွေဟာ သေနတ်ကို ကျည်ထွက်ရင် ပြီးရောဆိုတဲ့ သဘောနဲ့ ပစ်နေပြီး တိုက်ပွဲကိုဦးဆောင်နေသူတွေကလည်း အရည်အချင်းညံ့ဖျင်းနေတယ်ဆိုပြီး ပြောထားခဲ့တာပါ။ ဒါ့အပြင် သင်ကြားပေးထားတဲ့ စစ်ပညာတွေကို အသုံးမချနိုင်တာကြောင့် ဆုံးရှုံးမှုတွေများနေရတာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုခဲ့တာဖြစ်ပါတယ်။ 
တကယ်တော့ အခုလို စစ်တပ်ကျဆုံးခန်းနဲ့ ကြုံနေရတာဟာ ကာကွယ် ရေးဦးစီးချုပ်တာဝန်ကို ၁၀ နှစ်ကျော်ကြာ တာဝန်ယူခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာသာ အဓိက တာဝန်ရှိနေတာပါ။ ကာကွယ်ရေး ဦးစီးချုပ်တာဝန် သူစတင်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၂၀ ပြည့်နှစ်ကြား ၁၀ နှစ်တာကာလအတွင်း စစ်ရေး အခြေအနေကို ကြည့်ရင်အဖြေက ရှင်းနေပါတယ်။ အဲဒီ ၁၀ နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသစ်အဖြစ် ရက္ခိုင့်တပ်တော် AA နဲ့ တအာင်း TNLA တို့ပေါ်ပေါက်လာသလို ကိုးကန့်ဒေသက ဆုတ်ခွာပေးခဲ့ရတဲ့ MNDAA ဟာလည်း တစ်ကျော့ပြန် ခေါင်းထောင်လာနိုင်ခဲ့တာတွေ့ရပါတယ်။ အဲဒီကာလတွေအတွင်း စစ်တပ်က ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ် နေတဲ့ကြားကပဲ AA ဟာ အင်အား ၂၀,၀၀၀ လောက်၊ TNLA က အင်အား ၇,၀၀၀ လောက်၊ MNDAA က အင်အား ၄,၀၀၀ လောက်အထိ တိုးပွား လာခဲ့တာပါ။ ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်း စစ်တပ်နဲ့ သဘော ထားတင်းမာခဲ့တဲ့ KIA, UWSA, NDAA, SSPP, RCSS, KNU စတဲ့အဖွဲ့အစည်းတွေဟာလည်း သူတို့ရဲ့အင်အား တွေကို တိုးချဲ့ဖွဲ့စည်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် စစ်ကောင်စီခေါင်းဆောင် ကာချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း လက်နက်ကိုင်ပုန်ကန်တော်လှန်သူ အင်အား ၅၀,၀၀၀ လောက်အထိ တိုးလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီကာ လအတွင်း KIA, SSPP, TNLA, AA, MNDAA တို့နဲ့တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို RCSS, KNU တပ်မဟာ ၅ တို့နဲ့ လည်း တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ အဲဒီစစ်ဆင်ရေးတွေမှာ အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်ဆင်ရေး ဗျူဟာကိုကြည့်မယ်ဆိုရင် သမာရိုးကျ နည်းလမ်းတွေဖြစ်တဲ့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူကိုသာ အဓိက အားထားခဲ့တာတွေ့ရပါတယ်။ ထူးခြားဆန်းသစ်တဲ့ စစ်ရေးပရိယာယ် မတွေ့ခဲ့ရပါဘူး။ လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူတွေလုပ်ပြီး ခြေလျင်တပ်ကို ရှင်းလင်းခိုင်းတဲ့ သမာရိုးကျ စစ်ဆင်ရေးနည်းတွေကိုသာ တွေ့ခဲ့ရတာပါ။ ကချင်ပြည်နယ်နဲ့ ကိုးကန့်ဒေသ တစ်ကျော့ပြန် စစ်ပွဲတွေမှာ စစ်တပ်က တိုင်းရင်းသား လက်နက် ကိုင်တွေရဲ့ စခန်းတွေ၊ တောင်ကုန်းတွေကို အဓိက တိုက်ခိုက်သိမ်းပိုက်နိုင်တာကို အောင်ပွဲရတဲ့အလား ကျေနပ် နေခဲ့တာလည်းဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ စစ်တပ်အနေနဲ့ KIA နဲ့ MNDAA တို့ကို ချေမှုန်းနိုင်တာ မရှိခဲ့ပါဘူး။ KIA နဲ့ MNDAA တို့က အမာခံစခန်းတွေကိုရှောင်ကာ ပြောက်ကျားစနစ်နဲ့ တုံ့ပြန်သွားခဲ့ပြီး ၁၀ နှစ် တာကာလအတွင်း KIA က မူရင်း တပ်မဟာတွေအပြင် တပ်မဟာ ၅ ခုလောက်တောင် တိုးချဲ့ ဖွဲ့စည်းသွားနိုင် ခဲ့တာတွေ့ရပါတယ်။ MNDAA ကလည်း တပ်မဟာ ၃ ခုအထိ ဖွဲ့စည်းသွားနိုင်ခဲ့တာပါ။ TNLA ဆိုရင် တပ်မဟာ ၅ ခုအထိ တိုးချဲ့ ဖွဲ့ စည်းနိုင်ခဲ့သလို SSPP ကလည်း အင်အား နှစ်ဆတိုးလာခဲ့တာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တဲ့ AA နဲ့တိုက်ပွဲတွေမှာဆိုရင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တပ်တွေနဲ့ တိုင်းအတွင်းရှိ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) ၃ ခုအပြင် နောက်ထပ် တပ်မ ၅ ခုလောက်အားဖြည့်ပြီး လေကြောင်း ရေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေအသုံးပြုခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ လက်ရှိမှာ AAရဲ့အင်အားဟာ ပိုလို့တောင် တောင့်တင်းလာခဲ့တာတွေ့ရပါတယ်။ ၂၀၀၈ ခြေဥအရ စစ်ရေးကိစ္စတွေမှာ တပ်ချုပ်က လုပ်ပိုင်ခွင့် အပြည့်အဝ ရှိတဲ့အပြင် လက်တွေ့မှာလည်း သူ့သဘောထားနဲ့ ဆုံးဖြတ်ချက်အတိုင်းသာလုပ်ကိုင်ခဲ့တဲ့အတွက် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ မအောင်မြင်ခဲ့တာနဲ့ပတ်သက်လို့ အပြစ်တင်ရမယ်ဆိုရင် အာဏာသိမ်း စစ်ခေါင်း ဆောင်မှာသာ တာဝန်ရှိနေတာဖြစ်ပါတယ်။ ဒါကို အာဏသိမ်းစစ်ခေါင်းဆောင်က လက်အောက်ငယ်သားတွေ အပေါ် အပြစ်ပုံချသွားခဲ့တာကတော့ ရှက်ဖွယ်အတိပါပဲ။ ဒီလိုခေါင်းဆောင်မျိုးကို အသက်ပေးပြီး ကာကွယ်ချင် နေတဲ့တပ်သားတွေကိုလည်း အံ့ဩမိတာတော့အမှန်ပါပဲ။ အဲဒီ ၁၀ နှစ်တာအတွင်း စစ်ပွဲတွေဟာ နယ်မြေအကန့် အသတ်နဲ့ ဖြစ်ပွားခဲ့တာဖြစ်သလို ကာလအပိုင်းအခြားလည်းမတူခဲ့တာတောင် စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ဆင်ရေးတွေ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ လက်ရှိမှာ စစ်ကောင်စီတပ်တွေအနေနဲ့ရင်ဆိုင်နေရတာက တစ်ပြည်လုံး အတိုင်းအတာနဲ့ဖြစ်နေပါတယ်။ စစ်တပ်နဲ့ တိုက်ပွဲမရှိတာဆိုလို့ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း သာရှိနေတာ ဖြစ်ပါတယ်။ ကျန်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ရခိုင်တို့အပြင် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှာလည်း တပ်တွေ ဖြန့်ကျက် နေရာ ချထားရပြီး စစ်ဆင်ရေးတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ သာမက ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာပါ စစ်ပြင်နေရတာကြောင့် စစ်မျက်နှာတစ်ခုချင်းမှာ တိုက်ပွဲကြီးတွေ ဖြစ်ပွားပါက စစ်ကောင်စီ အနေနဲ့ စစ်ကူပို့ဖို့ တပ်အပိုမရှိဘူးဖြစ်နေပါတယ်။ ဒါ့အပြင် ခြေလျင်တပ်တွေ တိုက်ခိုက် ရေးစွမ်းရည်ကျဆင်းလာတာကိုကုစားဖို့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူ အချိန်ပြည့်ပေးနေဖို့ကလည်း စစ်ကောင်စီအတွက် စစ်အသုံးစရိတ်ပြဿနာရှိနေပါတယ်။ လက်ရှိတိုင်းပြည်ဘဏ္ဍာရေးအခြေအနေအရ မဖြစ်နိုင် တဲ့ဘက်ကများနေပါတယ်။ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးစစ်မျက်နှာအခြေအနေကို ဖြန့်ကျက်ထားနိုင်ဖို့ဆိုရင် ခြေလျင်တပ်အင်အား ၅ သိန်းလောက် ထပ်မံဖြည့်တင်းဖို့ လိုအပ်နေတာပါ။ ဒါပေမယ့် တပ်သားသစ် ၅ သောင်း ရဖို့တောင် အနိုင်နိုင်ဖြစ်နေတာကြောင့် စစ်ကောင်စီအနေနဲ့ စစ်အင်အားအကြပ်အတည်း ကြုံတွေ့နေရတာ ကတော့အမှန်ပါပဲ။ ဒါကြောင့်လည်း နောက်ဆုံးမှာ သတင်းစာထဲထည့်ပြီး အမျိုးသမီး စစ်သည်သစ် တွေခေါ်ယူ နေရတဲ့ ဘဝရောက်နေတာဖြစ်ပါလိမ့်မယ်။ လက်ရှိမှာလည်း အရာရှိစစ်သည်တွေရဲ့ ဇနီးတွေကို စစ်သင်တန်း ပေးပြီး တပ်စောင့်အဖြစ်ထားကာ စစ်သားတွေအားလုံး စစ်ဆင်ရေးလိုက်ပါနေရတာဖြစ်ပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲတွေ ပိုများလာပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG က သူတို့ကို CDM ကုတ်နံပါတ်တွေ ထုတ်ပေးဖို့အထိ စီစဉ်နေရတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ CDM ရဲ အင်အား စုစုပေါင်း ၄၀၀ ကျော်အထိ ရှိနေပြီး CDM စစ်သားစာရင်းကိုတော့ မြို့နယ်အလိုက် စိစစ်ဆဲဖြစ်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခူထဲဘူးက ပြောထားပါ တယ်။ လက်ရှိအခြေအနေတွေအရတော့ စစ်သည်သစ် မရတဲ့အဆုံး စစ်သမီးတွေကို စုဆောင်းနေရပြီဖြစ်တဲ့ စစ်ကောင်စီအနေနဲ့ မကြာခင်မှာ တပ်ပျက်သထက် ပျက်လာဖို့သာရှိနေပါတော့တယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required