စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

001

မဇ္စျိမ။ ။မြန်မာနိုင်ငံ လျှို့ဝှက်ဥပဒေပုဒ်မဖြင့် စွပ်စွဲထားသည့်အမှုအတွက် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်လ်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးက ယနေ့ စက်တင်ဘာ ၂၉ရက်နေ့၌ ​ထောင်ဒဏ် သုံးနှစ်စီ ထပ်မံအမိန့်ချမှတ်လိုက်​ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ အမှုမှာ မစ္စတာရှောင်တာနယ်လ်၏ ကွန်ပျူတာနှင့်စာရွက်စာတမ်းများတွင် တွေ့ရှိချက်များအရဟုဆိုကာ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ NLDအစိုးရလက်ထက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ကို ပူးတွဲစွဲဆိုထားခြင်း ဖြစ်သည်။

အမှုတွင် ပါဝင်သည့် ကျန်ဝန်ကြီးသုံးဦးမှာလည်း ထောင်ဒဏ် သုံးနှစ်စီ အသီးသီး ချမှတ်ခံလိုက်ရကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

အမှုကို ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်းက စတင်စစ်ဆေးခဲ့ပြီး ဒက္ခိဏခရိုင် တရားသူကြီး ဦးရဲလွင်က ကိုင်တွယ်ခဲ့ကာ ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းက ကျန်းမာရေးအခြေအနေကြောင့် ရုံးချိန်းမတက်ရောက်နိုင်သည့်အတွက် ၎င်းနေရာတွင် တရားသူကြီး ဦးဝင်းတင့်က အစားထိုးကိုင်တွယ်ခဲ့သည်။

တရားလိုမှာ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်ဖြစ်ပြီး အမှုကို အပတ်စဉ် ကြာသပတေးနေ့တိုင်း နေပြည်တော်ရှိ အထူးတရားရုံးတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်း ၁၂ မှုအတွက် ကျခံရမည့်​ ထောင်ဒဏ်​ နှစ်ပေါင်း ၂၃ နှစ်အထိရှိလာကာ အဂတိဖြင့် စွပ်စွဲထားသည့် အမှုပေါင်း ခုနစ်မှုဖြင့် ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။

NLDအစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည့် မစ္စတာ ​ရှောင်တာနယ်လ်ကို အာဏာသိမ်းစစ်ကောင်စီဘက်က လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်ပါတရားစွဲထားခြင်း ဖြစ်သည်။

မစ္စတာရှောင်တာနယ်လ်ကိစ္စတွင် ဩစတြေးလျနိုင်ငံအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဆောင်ရွက်မည်ဆိုပါက အဆိုပါကိစ္စနှင့် ပတ်သက်၍ တင်းမာစွာဆောင်ရွက်ရမည့် အခြေအနေမျိုးမရှိ​ကြောင်း စစ်​ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က

သြဂုတ်လအတွင်းက ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်း​ဟေဇာနှင့် ​တွေ့ဆုံရာတွင် ​ပြောဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်​ကောင်စီဥက္ကဋ္ဌ

#လူဝင်မှုကြီးကြပ်ရေး

#အထူးကိုယ်စားလှယ်

#အတိုင်ပင်ခံပုဂ္ဂိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required