မုံရွာမြို့နယ် ထနောင်းတော(မြောက်)ရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး

By လွှမ်းမိုး
29 September 2022
မုံရွာမြို့နယ် ထနောင်းတော(မြောက်)ရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး

September 29

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ထနောင်းတော (မြောက်)ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၇ ရက် နံနက် (၈) နာရီ အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်၍ နေ့လယ်ပိုင်း ၁၂နာရီ ခွဲ ခန့်၌ ရွာကို မီးတင်ရှို့ ခဲ့ကြောင်း သိရသည်။

အဆိုပါမီးရှို့ ဖျက်ဆီးမှုတွင် ထနောင်းတော(မြောက်)ရွာ မှ လူနေအိမ် ၁၅ လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက အခုလို ပြောသည်။

“ ပျူစောထီးတွေနေတဲ့ တောပု (မြောက်) ရွာကနေ နံနက် ၈ နာရီလောက်မှာ ထနောင်းတော (မြောက်)ရွာကို ဝင်တယ်။ နေ့လယ်ပိုင်းမှာ ရွာကို မီးရှို့တယ် ၊ အခုအချိန်ထိ အန်တီတို့ ပြေးနေရတုန်းပါပဲ ၊ တချို့ကတော့ အရဲစွန့်ပြီး ကိုယ့်အိမ်ကိုယ့်ရာ ပြန်ကြည့်ကြတယ်။ ခန့်မှန်း အိမ်ခြေ ၁၅ လုံးလောက် ပါသွားတယ် ပြောကြတယ်၊ စစ်ကောင်စီတပ်က ကလေးလည်း သတ် ၊ လူကြီးလည်း သတ်နေတော့ အန်တီတို့ကတော့ အိမ်မပြန်ရဲသေးဘူး “ ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၈ရက်နေ့တွင် ထနောင်းတော တောင်ရွာကို တပ်စွဲနေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုများ ကြောင့် ဒေသခံ ပြည်သူများ ကြောက်လန့် ထွက်ပြေး နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ထနောင်းကုန်းကျေးရွာ အနီးတွင် သေဆုံးနေသည့် ဒေသခံ ပြည်သူရုပ်အလောင်း နှစ်ခု တွေ့ရှိထား ပြီး သေဆုံးသူဦးရေ ဒီထက်ပိုနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#မုံရွာမြို့နယ်

#ပျူစောထီး

#စစ်ကိုင်းတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly