‘ရေနည်းငါး’လို ဖြစ်သွားမယ့် စစ်ကောင်စီ(ဆောင်းပါး)

‘ရေနည်းငါး’လို ဖြစ်သွားမယ့် စစ်ကောင်စီ(ဆောင်းပါး)

September 29

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကနေ နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ မှတ်ပုံမတင်ထားတဲ့ မိုဘိုင်းလ်ဖုန်းဆင်းကဒ်တွေကို အပြီးပိတ်သိမ်းမှာဖြစ်ပြီး လက်ကျန်ငွေကိုပါ သိမ်းဆည်းမယ်ဆိုပြီး ထုတ်ပြန်ကြေညာလာပါတယ်။ စစ်အာဏာသိမ်းပြီး လပေါင်း ၂၀ နီးနီးကာလအတွင်း စစ်ကောင်စီရဲ့ ပြုမူလုပ်ဆောင်ချက်မှန်သမျှဟာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့လုပ်နေတာမဟုတ်မှန်း ပိုမိုသေချာခိုင်မာလာနေတာပါ။ စစ်တပ်အလိုကျ ရေးဆွဲပြဌာန်းထားတဲ့ အခြေခံဥပဒေ(၂၀၀၈)အရ အာဏာခဏထိန်းတာပါလို့ စစ်ခေါင်းဆောင်ကဆိုနေပေမဲ့ လက်တွေ့လုပ်ရပ်တိုင်းဟာ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးမှန်းသမျှကို နေ့စဉ်ပိတ်ပင်တားဆီး ပယ်ဖျက်တဲ့ ညွှန်ကြားချက်အမျိုးမျိုးကို ထုတ်ပြန်တာ၊ ဥပဒေပုဒ်မပေါင်းစုံပြပြီး စစ်ကောင်စီကို မတော်လှန်ရဲအောင်နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို မပံ့ပိုးမထောက်ခံရဲအောင် ထောင်ဒဏ်သေဒဏ်တွေပြ ခြိမ်းခြောက်တာတွေထိ တိုးလုပ်လာနေပါတယ်။ 

မိုဘိုင်းလ်ဆင်းကဒ်နဲ့ ပတ်သက်တဲ့ ကြေညာချက်မထွက်ခင် မရှေးမနှောင်းမှာပဲ မိုဘိုင်းလ်ငွေကြေး စာရင်းတွေကိုပါ အချက်အလက် မမှန်ကန်ရင် ပိတ်သိမ်းမယ်ဆိုတဲ့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ကြေညာချက်လည်း စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထွက်လာခဲ့ပါတယ်။ လူသုံးများတဲ့ Wave Money၊ Kpay CBpay AYA pay ဆိုတာတွေထဲကမှ ကမ္ဘောဇဘဏ်နဲ့ချိတ်ဆက် ဆောင်ရွက်ရတဲ့ Kpay account တွေ ဒီရက်ပိုင်းထဲ ပိတ်ပင်ခံရတယ်လို့ သတင်းတွေထဲ အများအပြားတွေ့ရတယ်။ ကြားသိရတဲ့ သတင်းတွေအရဆို ကမ္ဘောဇဘဏ် လုပ်ငန်းစုအတွင်းလည်း ရှယ်ယာပိုင်ဆိုင်မှု အပြောင်းအလဲတွေရှိနေပြီး ဦးအောင်ကိုဝင်းက ဥက္ကဌမဟုတ်တော့ဘူး ဆိုတဲ့သတင်းမျိုးလည်း ထွက်လာပါတယ်။ လက်ရှိ စစ်ခေါင်းဆောင်ဟာ အရင်နဝတ/နအဖ စစ်အာဏာရှင် အစိုးရ လက်ထက်တုန်းက ခရိုနီတွေကို စောင့်ကြပ်ထိန်းချုပ်တဲ့ သဘောမျိုးလုပ်နေပုံရပါတယ်။ နာမည်ကြီး ခရိုနီကြီးတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက်လုပ်ခဲ့တာက သက်သေပါပဲ။ 

၂၀၁၀-၂၀ ဆယ်နှစ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အထိုက်အလျောက် နီးစပ်ခဲ့သူတွေကို ပိုမိုပစ်မှတ်ထားပြီး စောင့်ကြည့်ထိန်းချုပ်တဲ့ပုံစံ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုဗစ်ဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ကိုင်တွယ်ဆောင်ရွက်မှုဟာ အောင်မြင်ခဲ့ပြီး၊ ခရိုနီကြီးတွေအပါအဝင် လုပ်ငန်းရှင်တွေက အတော်လေး ပူးပေါင်းပါဝင် ကူညီခဲ့ကြတယ်။ ထူးထူးခြားခြားလို့ဆိုရရင် AYA Bank ပိုင်ရှင်လည်းဖြစ်တဲ့ မက်စ်ဦးဇော်ဇော်ပါ။ သူဆို စစ်အာဏာသိမ်းပြီး နောက်ပိုင်း လူမြင်ကွင်းကနေ အတော်လေးပျောက်နေတာ‌တွေ့ရသလို တခြား နာမည်ကြီးခရိုနီကြီးတွေလည်း သိပ်ထင်ထင်ပေါ်ပေါ် မတွေ့ရတော့ပါဘူး။ စစ်ကောင်စီခေါင်းဆောင်ဟာ နောက်ပြန်လှည့်ဖို့ခက်တဲ့ ကြီးမားတဲ့ စစ်ရာဇဝတ်မှုကြီးတွေ၊ ဥပဒေချိုးဖောက်မှုကြီးတွေကို အပီအပြင်လုပ်ထားသူ ဖြစ်တဲ့အတွက် သူ့အရိပ်တောင် သူပြန်ကြောက်နေတဲ့ပုံပါ။ ဒါကြောင့် သူရဲ့‘သံသယစိတ်’က အမြင့်ဆုံး အနေအထားမှာ ရှိနေလောက်ပြီး ‘ကြောက်စိတ်’ကလည်း ထုနဲ့ထည်နဲ့ရင်ထဲ ပြည့်နေသူလို့ မြင်မိတယ်။ စကားမစပ် ဖြည့်ပြောရရင် လက်ရှိ ကုလသမဂ္ဂမှာ အစည်းအဝေးလုပ်ချိန်အတွင်း စစ်ကောင်စီလေတပ်က ဒီပဲယင်းမြို့နယ်ထဲ ကလေးသူငယ်လေးတွေရဲ့ စာသင်ကျောင်းကို စီးနင်းပစ်ခတ်ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ်က ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တရားဝင်ရှုတ်ချခဲ့ပါတယ်။ ဒီလိုစစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ပြီးနောက် စစ်ခေါင်းဆောင်ရဲ့ မြေးဖြစ်သူတွေ သူတို့တက်ရောက်နေတဲ့ကျောင်းကို မလာတော့ဘူးလို့ သတင်းတွေထဲ ဖတ်လိုက်ရတယ်။ ဒါဟာ စစ်ခေါင်းဆောင်ရဲ့ ‘ကြောက်ရွံ့စိတ်နဲ့ မလုံခြုံစိတ်’ကို ထင်ဟပ်ပြနေတဲ့ အနီးဆုံးသာဓက တစ်ခုဖြစ်ပါပဲ။ 

Coup လို့ခေါ်တဲ့ အာဏာသိမ်းမှုဆိုတာဟာ တကယ်တမ်းတော့ နိုင်ငံ့ အုပ်ချုပ်ရေး ယန္တယား အဖွဲ့အစည်း၊ လုပ်ငန်းစဉ် အဝဝကို ထိန်းချုပ်တဲ့သဘောလို့ ရိုးရိုးစင်းစင်းဆိုနိုင်တယ်။ တလောက အမျိုးသား ညီညွတ်ရေး အစိုးရကနေ ကြေညာတာတစ်ခု သတိပြုမိတယ်။ နိုင်ငံရဲ့ ဘယ်နေရာဒေသတွေကို အန်ယူဂျီနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီဆိုတာကို ရာခိုင်နှုန်း၊ ကိန်းဂဏန်း၊ အချက်အလက်တွေနဲ့ တွက်ချက်ဖော်ပြခဲ့တာ သိကြပြီးဖြစ်မှာပါ။ လိုရင်းကတော့ ‘နယ်မြေစိုးမိုးမှု’ ဘယ်လောက်ရှိနေပြီး ဘယ်လောက်တော့ ကျန်နေသေးတယ်ဆိုတာကို ဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းအရဆို နယ်မြေစိုးမိုး ထိန်းချုပ်နိုင်မှုက ‘အခရာ’လို့ အကြမ်းဖျင်းလက်ခံထားကြပါတယ်။ ဒါပေမဲ့ အထက်မှာဆိုခဲ့လို နိုင်ငံ့ အုပ်ချုပ်ရေး ယန္တယားတွေဆိုတဲ့ ဝန်ကြီးဌာနတွေခေါ်ခေါ် နိုင်ငံ့အင်စတီကျူးရှင်းတွေကို ထိန်းချုပ်နိုင်ဖို့က ပိုမိုပြီး အရေးကြီး အရေးပါလှပါတယ်။ 

အခုပဲ နမူနာကြည့်ပါ။ စစ်ကောင်စီဟာ နယ်မြေစိုးမိုးရေးအရဆို လက်လွှတ်လာရတာတွေ များလာပေမဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်နဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ထိန်းချုပ်ထားနိုင်တဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာမှာဆို သူလိုသလို ကန့်သတ်ချုပ်ခြယ်နိုင်နေတာ တွေ့ရမှာပါ။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားနိုင်တာက သူ့အတွက် အသာစီးရသလို ဖြစ်နေတာပါပဲ။ တိုင်းရင်းသား ဒေသတွေမှာ မြန်မာစစ်တပ်က စစ်ဆင်ရေးတွေလုပ်ရင် အဲ့လိုပိတ်ဆို့ဖြတ်တောက်မှုတွေကို ‘အား’တစ်ခုနေနဲ့ အသုံးချခဲ့တာကို သိမြင်ကြပြီး ဖြစ်ပါတယ်။ အပြည့်အဝသူတို့ ထိန်းချုပ်နိုင်လား၊ အောင်မြင်သလားဆိုရင်တော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ လက်နက်ကိုင် တော်လှန်ရေးနည်းလမ်းမှာ ပါဝင်နေသူတွေအနေနဲ့ဆို အဲလိုစစ်ကောင်စီဘက်က အသားစီးယူ အသားစီးရနေတဲ့ အနေအထားကို ဘယ်လိုချိုးဖျက်ပစ်မလဲ၊ ဒါမှဟုတ် အဲ့ကြားထဲကနေ ‘ထောက်/ပို့’ပိုင်းကို မထိခိုက်အောင် နည်းလမ်းရှာမလဲက ‘အသက်တမျှ’အရေးကြီးတယ်လို့ မြင်မိပါတယ်။

ကြားဖြက်ဥပမာတစ်ခုဆိုရရင် တော်လှန်ရေးဘက်ပိုင်းက ‘နွေဦးထီ’ဆိုတာရဲ့ လက်ရှိအနေအထားကို စာရေးသူအနေနဲ့ သေချာမသိပေမဲ့၊ နိုင်ငံရဲ့မူလ‘အောင်ဘာလေထီ’စနစ်ကတော့ စစ်ကောင်စီလက်ထက်မှာ အတော့်ကို အထိနာသွားတာ သေချာပါတယ်။ ဘာကြောင့်လဲဆို ပြည်သူလူထုရဲ့ ညီညွတ်တဲ့ ‘အာဏာဖီဆန်မှုနဲ့ သပိတ်မှောက်မှု’ကြောင့်ပါပဲ။ စစ်ကောင်စီဟာ ပြည်သူကိုသေနတ်နဲ့ချိန်ပြီး သူ့ဩဇာခံ အောင်ဘာလေထီစနစ်ကို ထိုးခိုင်းလို့ မရနိုင်ပါဘူး။ ထီရောင်းအားကျလို့ သူ့အတွက် ငွေရပေါက်လျော့တာထက်၊ နိုင်ငံ့အင်စတီကျူးရှင်းကို စစ်ကောင်စီ ထင်သလိုထိန်းချုပ်ချင်တိုင်း ထိန်းချုပ်လို့မရအောင် လူထုပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်လို့ရနိုင်တဲ့အကြောင်း စာရေးသူအနေနဲ့ ထောက်ပြလိုရင်းဖြစ်ပါတယ်။ ‘အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု’ခေါ်တဲ့ စီဒီအမ်လှုပ်ရှားမှုကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ လက်လွှတ်လို့မရတဲ့ နည်းဗျူဟာတစ်ခု ဖြစ်နေဆဲပါ။

“အာဏာဟာ သေနတ်ပြောင်းဝက လာတယ်”ဆိုတာဟာ အာဏာရူး အာဏာရှင်တွေရဲ့ အတွေးအခေါ်ပါ။ သေနတ်ပြခြိမ်းခြောက်ပြီး နေရာတိုင်းစိုးမိုးချင်လို့ရတဲ့ ခေတ်အနေအထား မဟုတ်တော့ပါဘူး။ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ်က ခေတ်ပြိုင်ကမ္ဘာကြီးထဲ လက်နက်အားကိုး အနိုင်ကျင့်မှုလုပ်ရင် လုပ်တဲ့သူကို လူအများကလက်ပိုက်ကြည့်နေမှာ မဟုတ်တော့တဲ့အကြောင်း အကောင်းဆုံးဥပမာပါ။ မြန်မာ့အရေးနဲ့ ယူကရိန်းအရေးဟာ အဆက်အစပ် ဘာမှတော့ မဆိုင်ပါဘူး၊ ဒါပေမဲ့ သဘောတရားအရတော့ ကမ္ဘာကြီးက ကျူးကျော်သူ အာဏာရှင်ပူတင်ဘက်မှာမရှိသလို လက်နက်အားကိုး စစ်အာဏာသိမ်းထားတဲ့ ‘မြန်မာစစ်ကောင်စီ’ဘက်မှာလည်း မရပ်တည်ကြပါဘူး။ အကူအညီ ပေးအပ်မှုအပိုင်းမှာတော့ နိုင်ငံတကာ နိုင်ငံရေးစနစ်တွေ၊ အကျိုးစီးပွားတွေ၊ တခြားသော အကြောင်းတရာတွေပေါ် မူတည်ပြီး ကွာခြားသွားနိုင်ပါတယ်။ 

ချုပ်ရရင် တော်လှန်ရေး အင်အားစုတွေအတွက် နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ဆိုတာကလည်း အရေးပါသလို၊ နိုင်ငံ့အင်စတီကျူးရှင်းတွေ တစ်နည်းအားဖြင့် အစိုးရယန္တယား လုပ်ငန်းတွေကိုပါ အထိုက်လျောက် ထိန်းချုပ်နိုင်လာရင် စစ်ကောင်စီဟာ ‘ရေနည်းငါး’လို အားအင်ချိနဲ့ ပျက်စီးသွားဖို့သာရှိတယ်လို့ မြင်မိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required