ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်၌ စစ်တပ်၏ အဓမ္မ မြေသိမ်းယူမှုအပေါ် ဒေသခံများ ဆန့်ကျင်ဆန္ဒထုတ်ဖော်

By Latestly
25 September 2022
ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်၌ စစ်တပ်၏ အဓမ္မ မြေသိမ်းယူမှုအပေါ် ဒေသခံများ ဆန့်ကျင်ဆန္ဒထုတ်ဖော်

ပါကစ္စတန်ထိန်းချုပ်သော ကက်ရှ်မီးယားဒေသ၌ ဒေသခံများကို ဖယ်ထုတ်ရန် လုပ်ဆောင်သည့် အစိုးရကျောထောက်နောက်ခံပြု လုပ်ရပ်များနှင့် အကျင့်ပျက်ခြစားမှုများအပေါ် ဂီဂစ် ဘောလ်တီစတန် ဒေသခံပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ၎င်းတို့ ကြုံတွေ့နေရသော ကိစ္စရပ်များကို ဖြေရှင်းပေးရေး အစိုးရကို တောင်းဆိုခဲ့သည်။
 
“ကျွန်တော်တို့ဟာ ဂီဂစ် ဘောလ်တီစတန်ရဲ့ လူငယ်တွေဖြစ်တယ်ဆိုတာကို အစိုးရကို ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို တိုက်ယူရမယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ပစ္စည်း၊ ဥစ္စာတွေကို ကျူးကျော်ထိပါးချင်သူတွေကို ထိန်းသိမ်းတားဆီးပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ အဲလိုမှမဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အာဏာပိုင်တွေမှာ တာဝန်ရှိပါလိမ့်မယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

 ၎င်းတို့ ကြုံတွေ့နေရသည့် အရေးကိစ္စများကို အစိုးရအနေဖြင့် အချိန် ၁၀ ရက်တာအတွင်း ဖြေရှင်းပေးရန်    တောင်းဆိုကြောင်း အခြားဆန္ဒပြသူတစ်ဦးက ပြောသည်။
  
“ခင်ဗျားတို့အနေနဲ့ ဒေသမှာ နာဝက်ဇ် ရှာရစ် ဦးဆောင်တဲ့ အစိုးရကို ပြိုလဲအောင် လုပ်နိုင်တယ်ဆိုရင် ဂီဂစ် ဘောလ်တီစတန် ပြည်သူတွေဟာ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ အစိုးရကို ပြိုလဲအောင် လုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ အစိုးရကို ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုနေတာပါ။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ အစိုးရကို ၁၀ ရက် အချိန်ပေးပါမယ်” ဟု ၎င်းက ပြောသည်။
 
ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) နှင့် ဂီဂစ် ဘောလ်တီစတန်တို့တွင် ပါကစ္စတန်စစ်တပ်က မြေသိမ်းယူသည့် ဖြစ်စဉ်များ ရှိနေသည်။ ဒေသတွင် စစ်တပ်၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် အခြားသော ဩဇာရှိ ပုဂ္ဂိုလ်များက ပုဂ္ဂလိကပိုင်နှင့် အများပိုင် အဆောက်အအုံမြေများအပြင် မူဇက်ဖာရာဘတ် ခရိုင်ရှိ ပီရာ ချာနာဆီ တောင်ထိပ်ကဲ့သို့ တောင်ကုန်းများနှင့် ခရီးသွားအပန်းဖြေစခန်းများကို တရားမဝင် အတင်းအကျပ် သိမ်းယူမှုများ ရှိနေရာတွင် ဒေသ၌ မြေသိမ်းယူမှုများ တိုးလာနေခြင်းအပေါ် ညီညွတ်သော ကက်ရှ်မီးယား ပြည်သူ့ အမျိုးသားပါတီ (UKPNP) က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly