ပစ်ခတ်ခံရ၍ ထိတ်လန့်ကာ မြစ်ထဲခုန်ချသည့် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ၏ ရုပ်အလောင်းပြန်တွေ့

ပစ်ခတ်ခံရ၍ ထိတ်လန့်ကာ မြစ်ထဲခုန်ချသည့် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ၏ ရုပ်အလောင်းပြန်တွေ့

စက်တင်ဘာလ ၂၈ ရက်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၊ ကမ်းနားလမ်းတွင် ယနေ့ စက်တင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ထိတ်လန့်ကာ ဧရာ၀တီမြစ်ထဲ ခုန်ချသွားသည့် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ကိုမဲကြီး၏ ရုပ်အလောင်း ပြန်တွေ့ခဲ့ကြောင်း သိရသည်။

“မဲကြီးက မရမ်းခြံဆိပ်မှာ ကျက်စားနေတာကြာပြီ။ စစ်တပ်သတင်းပေးလုပ်ပြီး စစ်တပ်နောက်ခံနဲ့မဟုတ်တာ အကုန်လုပ်တယ်။ မနက်က ၇ နာရီကျော်လောက်က လူတစ်ယောက်နဲ့ ရပ်စကားပြောနေတုန်း သေနတ်နဲ့လှမ်းပစ်ခံ လိုက်ရတယ်။ အဲဒါသွေးရူးသွေးတန်းနဲ့ မြစ်ထဲခုန်ချတာ ၁၂ နာရီလောက်ကျမှ အလောင်းပြန်ပေါ်လာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ချမ်းအေးသာစံမြို့နယ် ၊၂၆ လမ်းနှင့် ၃၅ လမ်းကြား၊ ဧရာ၀တီမြစ် ဘောဂကြီးဆိပ်ကမ်းအနီးတွင် ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူ မဲကြီးနှင့် ကိုတင်ထွန်းအောင်ဆိုသူတို့ ရပ်စကားပြောနေစဉ် ဆိုင်ကယ်စီး သေနတ်သမားများက အနီးကပ်၀င် ရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုပစ်ခတ်မှုကြောင့် ကိုမဲကြီးနှင့်ကိုတင်ထွန်းအောင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ကိုမဲကြီးကသွေးရူးသွေးတန်းဖြင့် ဧရာ၀တီ မြစ်ထဲခုန်ချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မဲကြီးက ရင်ဘတ်နဲ့လက်မောင်းတွေမှာ ဒဏ်ရာခြောက်ချက်နဲ့ မြစ်ထဲခုန်ချပြီး နောက်တော့ သေတယ်။ ကိုတင်ထွန်းအောင်က ခြေထောက်မှာ ဒဏ်ရာရတယ် ။ သေနတ်သမားတွေက ကိုတင်ထွန်းအောင်ထိသွားတာအတွက် တောင်းပန်သွားတယ်” ဟု အခင်းဖြစ်နေရာအနီး နေထိုင်သူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ကိုမဲကြီးဆိုသူအား မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားခြင်းဖြစ် ကြောင်း ထုတ်ပြန်လာခြင်းမရှိသေးသည့်အတွက် ၎င်းဒလန်ဟုတ်၊မဟုတ်နှင့် ပတ်သက်၍လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်ကအဆိုပါနေရာကိုရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်သွားကြောင်းသိရသည်။

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာစစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး ကင်းပုန်းများချထားချိန်တွင် အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုံစာ - မန္တလေးကျုံးတစ်နေရာ

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly