ဗကသများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ထောင်ဒဏ်၂နှစ် ထပ်မံချမှတ်

ဗကသများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ထောင်ဒဏ်၂နှစ် ထပ်မံချမှတ်

စက်တင်ဘာလ ၂၈ ရက်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၏ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် စက်တင်ဘာလ ၂၈ရက်နေ့တွင် ထောင် နှစ်နှစ်ထပ်မံချမှတ် လိုက်ကြောင်းသိရသည်။

ကိုဝေယံဖြိုးမိုးသည် ရန်ကုန်တိုင်း အင်းစိန်ထောင်အတွင်းရှိ မရမ်းကုန်းမြို့နယ်တရားရုံးက ထောင် နှစ်နှစ်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“ကိုဝေယံကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် နှစ်နှစ်အမိန့်ချလိုက်ပါတယ် ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၂၀၀ ခန့်သည် ရန်ကုန်တိုင်း တာမွေမြို့နယ်၌ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ဆင်နွှဲရာတွင် စစ်‌ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အင်းစိန်ထောင်တွင်း ရောက်ရှိနေသည့် ကိုဝေယံဖြိုးမိုးသည် ပုဒ်မ ၅၀၅(က)အမှု နှစ်ခုနှင့် ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် အမှုနှစ်ခုတို့အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်နှင့် သုံးလ မတရားအမိန့်ချမှတ်ခြင်းခံထားရသေးသည်။ ယခုထောင်ဒဏ်နှင့်ဆိုလျှင် စုစုပေါင်း ခုနစ်နှစ်နှင့် သုံးလရှိနေပြီ ဖြစ်သည်။

ကိုဝေယံဖြိုးမိုး သည် အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်က ၎င်းကို စွဲဆိုထားခဲ့သည့်အမှုများနှင့်ပါ ထောင်ဒဏ်များ ချမှတ်ခံထားရခြင်းဖြစ်သည်။

၂၀၂၀ စက်တင်ဘာ ၁၀ရက်နေ့ က ရန်ကုန်၊ ကျောက်တံတားမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များရှိ ကားမှတ်တိုင်နှင့် ဓာတ်တိုင်များတွင် ရခိုင်ပြည်နယ်၌ အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် ခွင့်ပြုချက်မရှိဘဲ စာရွက်စာတမ်းများ ဖြန့်ဝေသည်ဟုဆိုကာ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် စွဲဆိုခံခဲ့ရပြီး ထိုသို့ဖြန့်ဝေသည့်အတွက် ရခိုင်ပြည်နယ်အစိုးရကို အကြည်ညိုပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅-က/ခ ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးကလည်း ထပ်မံ တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - All Burma Federation of Student Unions

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly