တရုတ်၌ စားသောက်ဆိုင် မီးလောင်မှုကြောင့် လူ ၁၇ ဦး သေဆုံး

တရုတ်၌ စားသောက်ဆိုင် မီးလောင်မှုကြောင့် လူ ၁၇ ဦး သေဆုံး

စက်တင်ဘာလ ၂၈ ရက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ စက်တင်ဘာ ၂၈ ရက်တွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး အခြား သုံးဦး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

ချန်ချွန်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသအစိုးရက ဝေဘို ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှတစ်ဆင့် ထုတ်ပြန်သည်။

မီးသတ်သမားများ ထိုနေရာသို့ အမြန်ရောက်ရှိသွားပြီး ညနေ ၃ နာရီမတိုင်မီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ပေးထားပြီး သေဆုံးသူတွေအတွက် လိုအပ်တဲ့ ပံ့ပိုးဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အာဏာပိုင်များက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly