ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၉၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၉၅ ဦး ဖမ်းဆီးခံရ
Photo - Bangkok Post

စက်တင်ဘာလ ၂၈ ရက်      

တရားမဝင် နယ်စပ်ဖြတ်ကာ  ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချာနဘူရီ ပြည်နယ်ထဲ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၉၅ ဦးကို ထိုင်းအာဏာပိုင်များက တွေ့ရှိဖမ်းဆီးခဲ့သည်။

အအေးခန်းကားများအဖြစ် ပြုပြင်မွမ်းမံထားသည့် ပစ်ကပ်ကားနှစ်စီးကို ထောင်ဖာဖန်း ခရိုင် အမြန်လမ်း စစ်ဆေးရေးဂိတ်တစ်ခု၌ ထိုင်းရဲနှင့် စစ်သားများက မနက် ၃ နာရီခန့်တွင် တားဆီးရှာဖွေရာတွင် ပထမထရပ်ကား၏ ပစ္စည်းသိုလှောင်ခန်းတွင် ပုန်းလိုက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၁ ဦးကို တွေ့ရှိခဲ့ကာ ဒုတိယထရပ်ကားတွင် နောက်ထပ် ၁၈ ဦးကို တွေ့ရှိဖမ်းဆီးခဲ့သည်။

အဆိုပါ ကားနှစ်စီး၏ ဒရိုင်ဘာများဖြစ်သော ထိုင်းနိုင်ငံသားများလည်း ဖမ်းဆီးထိန်းသိမ်းခံရသည်။

တစ်ချိန်တည်းမှာပင် သာခါနွန်ကျေးရွာအုပ်စု ကျေးရွာတစ်ခုအနီး ပလောပီနန်စိုက်ခင်းတစ်ခုတွင် နားနေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၃ ဦးကို ထိုင်းအာဏာပိုင်များက တွေ့ရှိဖမ်းဆီးခဲ့သည်။

၎င်းတို့သည် မလေးရှားနိုင်ငံရှိ အလုပ်နေရာများသို့ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုအလုပ်နေရာများသို့ ရောက်ရှိပါက အလုပ်ပွဲစားများကို တစ်ဦးလျှင် ဘတ် ၆၀,၀၀၀ စီ ပေးသွားရမည် ဖြစ်ကြောင်း သိရသည်။

အလားတူ မူအန်း ခရိုင် ဘန်ကောကျေးရွာအုပ်စု ဘန်ဟွေနမ်ခေါင် ရွာအနီး သစ်တောတစ်ခုတွင် ပုန်းအောင်းနေသည့် နောက်ထပ် မြန်မာနိုင်ငံသား ၁၃ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားစုစုပေါင်း ၉၅ ဦးကို ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုနှင့် စွဲဆိုပြီး ဥပဒေအရ အရေးယူရန် ထောင်ဖာဖန်းနှင့် မူအန်း ခရိုင် ရဲဌာနများထံ လွှဲပြောင်းပေးထားသည်။

ဒရိုင်ဘာနှစ်ဦးကိုလည်း နိုင်ငံခြားသားများကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်စေနိုင်ရန် ကူညီပေးမှုဖြင့် တရားစွဲဆိုထားသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly