စစ်ကောင်စီက နိုင်ငံခြားဇာတ်လမ်းတွဲများကို ဆင်ဆာ ခွင့်ပြုချက်ယူပြီးမှ ပြသခိုင်း

စစ်ကောင်စီက နိုင်ငံခြားဇာတ်လမ်းတွဲများကို ဆင်ဆာ ခွင့်ပြုချက်ယူပြီးမှ ပြသခိုင်း

စက်တင်ဘာလ ၂၈ ရက်

စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံ ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြားထုတ်လွှင့်ပြသနေသည့် ကုမ္ပဏီများနှင့် Content Providerများကို ပြည်တွင်းနှင့် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဆင်ဆာခွင့်ပြုချက်ရယူပြီးမှ ပြသရန် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ စက်တင်ဘာလ ၂၇ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရုပ်မြင်သံကြားထုတ်လွှင့်နေသူများအနေဖြင့် ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ဗီဒီယိုဇာတ်ကားကြီးများကို ဆင်ဆာခွင့်ပြုချက်ရပြီးမှ ပြသနေရကြောင်း သိရသည်။

သို့သော် ပြည်တွင်း၊ ပြည်ပဇာတ်လမ်းတွဲများနှင့် နိုင်ငံခြားဇာတ်လမ်းတွဲများကို မြန်မာစာတမ်းထိုး၊ မြန်မာစကားပြောအသံထပ်၍ ပြသခြင်းတို့ကိုမူ ဆင်ဆာစိစစ်ရေးအဖွဲ့သို့ မတင်ဘဲ ပြသလျက်ရှိသဖြင့် လက်ရှိအခြေအနေအရ မပြသသင့်သည်များပါနေသည်ကို တွေ့လာရကြောင်း စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲတင့်က ပြောသည်။

ထို့ကြောင့် ယခုမှစတင်ပြီး ဇာတ်လမ်းတွဲများကိုပါ ဆင်ဆာခွင့်ပြုချက်ရယူပြီးမှ ပြသရန်လိုအပ်ပြီး သက်ဆိုင်ရာကုမ္ပဏီများမှ အကြီးအကဲများနှင့်လည်း နေပြည်တော်တွင် ရှင်းလင်း​ဆွေး​နွေးထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် လက်ရှိပြသဆဲ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတိုများကိုလည်း သေချာစီစစ်ပြီး နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေသည့်အပြောအဆို၊ စာသားများ၊ ကာမရာဂကို နှိုးဆွသည့် အကြောင်းအရာများ မပါရှိစေရေး ကြပ်မတ်သွားရန်လည်း ပြောဆိုခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီ၏ ပြန်ကြား​ရေးဝန်ကြီးဌာနက သတင်းဌာနများကို ထုတ်​ဝေခွင့်ပိတ်ပင်ခြင်းအပြင် စာ​ပေတိုက်နှင့် ပုံနှိပ်တိုက်များကိုလည်း ညစ်ညမ်းစာ​ပေထုတ်​ဝေခြင်း၊ လူမျိုး​ရေးအရ၊ဘာသာ​ရေးအရ၊ ယဥ်​​ကျေးမှုအရ ထိခိုက်နစ်နာ​စေသည့် အ​ကြောင်းအရာများ ထုတ်​ဝေခဲ့သည်ဟူ​သော အ​ကြောင်းပြချက်များဖြင့် ပိတ်သိမ်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ပုံစာ -စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီးဦးရဲတင့်

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly