မန္တလေးမြို့က တပ်သိမ်းမြေနေရာကို NUG က အကွက်ရိုက်ရောင်းချခြင်း အစီအစဉ် မစခင် မြေကွက်ပေါင်း ၃၀၀ ကျော် ၀ယ်ယူရန် စာရင်းပေးသွင်းထား ဟုဆို

မန္တလေးမြို့က တပ်သိမ်းမြေနေရာကို NUG က အကွက်ရိုက်ရောင်းချခြင်း အစီအစဉ် မစခင် မြေကွက်ပေါင်း ၃၀၀ ကျော် ၀ယ်ယူရန် စာရင်းပေးသွင်းထား ဟုဆို

စက်တင်ဘာလ ၂၈ ရက်

မန္တလေးမြို့က စစ်တပ်ပိုင်သိမ်းယူထားသည့်မြေများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အိမ်ရာစီမံကိန်းအဖြစ် အကွက်ရိုက် ရောင်းချမည်ဟု စီစဉ်ကြေညာနေစဉ်အတွင်းမှာပင် မြေကွက်ပေါင်း သုံးရာကျော် ၀ယ်ယူရန်စာရင်းသွင်းလာသူများ ရရှိနေပြီဖြစ်ကြောင်း The End of Dictatorship က သတင်းထုတ်ပြန်သည်။

ရောင်းချမည့်ရက်မတိုင်ခင်မှာပင် ၀ယ်ယူရန်စာရင်းပေးသွင်းခြင်းများ ရှိနေခြင်းဖြစ်ပြီး “Spring Mandalay Investment မြေကွက်တွေ၊ စတင်ရောင်းချတော့မယ်၊ ကိုယ်စားလှယ်တွေဆီမှာ စာရင်းပေးသွင်းလို့ ရပါပြီဆိုတာနဲ့ မြေကွက် ၃၀၀ကျော် ကြိုတင်အမှာစာ တင်ထားကြပြီးပြီ၊ စတင်ရောင်းချမယ့် နောက်ငါးရက်အတွင်းမှာ အများကြီးထပ်တိုးလာဦးမှာသေချာပါတယ်” ဟု The End of Dictatorship ကဆိုသည်။

ရောင်းချသွားမည့် အိမ်ရာစီမံကိန်းများအဖြစ် နွေဦးနှင်းဆီ၊ နွေဦးတောင်ရိပ်ညို၊ နွေဦးရောင်စဉ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

နွေဦးနှင်းဆီ Maha Aung Myay(Spring Rose)စီမံကိန်းသည်၊ မဟာအောင်မြေမြို့နယ် အောင်ဆန်းစုကြည်လမ်း(၃၈ လမ်းအသစ်)တောင်ဘက်ရှိ စစ်တပ်သိမ်းယူထားသော မြေနေရာဖြစ်ပြီး မန္တလေးမြို့၏အချက်အချာနေရာတွင်ရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက်သော်လည်းကောင်း၊ ခြံ၀န်းကျယ်တွင်အိမ်ယာလှလှဆောက်ရန်သော်လည်းကောင်း သင့်တော်သည့်နေရာဖြစ်သည်ဟု ဆိုသည်။

နွေဦးတောင်ရိပ်ညို Mandalay Hill(Spring Oasis)စီမံကိန်းသည် အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေတွင်ရှိပြီး၊ စစ်တပ်က သိမ်းယူထားသောမြေနေရာဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာသည် မန္တလေးကျုံးနှင့် သမိုင်း၀င်အထင်ကရနေရာ အများအပြား၀န်းကျင်တွင်တည်ရှိပြီး စီးပွားရေးဇုန်တစ်ခုဖြင့် ဖွံ့ဖြိုးမှုကိုဦးတည်သော အခြေခံအဆောက်အဦများ ထည့်သွင်းဖော်ထုတ်ပေးသွားမည့် မြေနေရာဖြစ်ကြောင်း သိရသည်။

နွေဦးရောင်စဉ် Ye Dagun Taung စီမံကိန်းသည်လည်း စစ်တပ်သိမ်းယူထားသည့်မြေနေရာဖြစ်ပြီး ရေတံခွန်တောင်စီမံကိန်းအလွန် ရေတံခွန်တောင် ဂေါက်ကွင်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါအိမ်ရာစီမံကိန်းမြေနေရာများအား အမေရိကန်ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း သတ်မှတ်စျေးနှုန်း၏ လေးဆယ်ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကျန်ငွေကို တော်လှန်ရေးအောင်မြင်ပြီး စီမံကိန်းများစတင်အကောင်အထည်ဖော်ချိန်မှသာ ပေးသွင်းရမည်ဖြစ်ကြောင်း The End of Dictatorship က ကြေညာထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly