မတူပီမြို့နယ်တွင် ၉ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဖွယ်ရှိ

မတူပီမြို့နယ်တွင် ၉ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဖွယ်ရှိ

September 28

မဇ္စျိမ ။။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကိုးရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦီးသေဆုံးခဲ့ပြီး ၂၂ဦီးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi ထံမှ သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်စခန်းဂိတ်တစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မတူပီမြို့အခြေစိုက် ခလရ (၁၄၀) မှ တပ်သားများသည် မတူပီ - ဟားခါး လမ်းပိုင်း၌ နယ်မြေရှင်းလင်းရေးစစ်ကြောင်းများထိုးလာနေသဖြင့် တိုက်ပွဲများဖြစ် ပွားနေခြင်းဖြစ်ကြောင်းဆိုသည်။

“စစ်ကောင်စီတပ်တွေကအထိနာနေပြီး သေသွားတဲ့ အလောင်းတွေကို လာကောက်ရင်း အင်အားဖြည့်တင်းပြီး ကျနော်တို့ရဲ့ တပ်ရင်းစခန်းကို သိမ်းဘို့အတွက် လာနေတယ်လို့ တွက်ဆရပါတယ်၊ အခုအတိုင်းဆို တိုက်ပွဲတွေဆက်ပြင်းထန်လာနိုင်ပါတယ်” ဟု CDF – Matupi ပြန်ကြားရေးမှူး K LB မဇ္စျိမ ကိုပြောသည်။

စက်တင်ဘာ ၂၇ရက်နေ့တွင် အင်အား ၂၀၀ခန့်ဖြင့် မတူပီ - ဟားခါးလမ်းသို့ စစ်ကြောင်းထွက်လာသည့်တပ်နှင့် ငလိုင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိသွားကြောင်းသိရသည်။

နံနက် ၇နာရီမှ ၁၀နာရီ ၂၀မိနစ်အထိဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း CDF – Matupi ဖက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၄ရက်နှင့် ၂၅ရက်နေ့များတွင်လည်း မတူပီ - ဟားခါးလမ်းသို့ စစ်ကြောင်း ထွက်လာသော မတူပီမြို့အခြေစိုက် ခလရ (၁၄၀) ကို CDF – Matupi မှ ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦီးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦီး ဒဏ်ရာရရှိထားကြောင်း သိရသည်။

စက်တင်ဘာ ၁၉ရက် ညနေ ၅နာရီဝန်းကျင်က မတူပီမြို့အဝင်တွင် ဂိတ်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများကို အနှောက်အယှက်ဖြစ်စေသည့် စစ်ဆေးခြင်းများပြုလုပ်ခဲ့သည့်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး ရှစ်ဦီးဒဏ်ရာရရှိ ကြောင်း CDF – Matupi ထုတ်ပြန်ချက်အရသိရသည်။

အထိနာလျက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့သည် အင်အားများဖြည့်တင်းလျက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်ရင်း (၂) အခြေစိုက်စခန်းရှိရာဘက်သို့ စစ်ကြောင်းထိုးလျက်ရှိရာ တိုက်ပွဲများဆက်လက်ပြင်းထန်လာဖွယ်ရှိကြောင်း ပြန်ကြားရေးမှူးမှ သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် မတူပီမြို့အဝင် မတူပီ - မင်းတပ် ၊ မတူပီ - ဟားခါးနှင့် မတူပီ - ပလက်ဝမြို့သို့ ဆက်သွယ်သော လမ်းမများတွင် စစ်ဆေးရေးဂိတ်များထားရှိပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်းသိရသည်။ အချို့နေရာများတွင် အလံနီများ စိုက်ထူထားပြီး ယင်းနေရာများမှ ကျော်လွန်ပါက လူ ၊ တိရစ္ဆာန် အားလုံးကို ပစ်မိန့်ပေးထားကြောင်း ဆိုသည်။

ထို့အပြင် ၎င်းတို့ဖွင့်ထားသည့် ကျောင်းများတွင် ကျောင်းသား ကျောင်းသူများကို ကျောင်းအဝင်တွင် မိဘဆွေမျိုးများထဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်ရှိမရှိ အပါအဝင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးမှ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ခွင့်ရရှိကြောင်း သိရသည်။

မတူပီမြို့တွင် စစ်ကောင်စီ၏ ဗျူဟာအခြေစိုက်မြို့တစ်မြို့ဖြစ်ပြီး တပ်ရင်း နှစ်ရင်း တပ်စွဲထားကာ ယခုလအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

စာတည်း - သန်းဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီ

#ချင်းကာကွယ်ရေးတပ်

#ဗျူဟာအခြေစိုက်မြို့

#မတူပီမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required