ဥရောပသို့ ဓာတ်ငွေ့ပို့လွှတ်သည့် ရုရှ ဓာတ်ငွေ့ပိုက်လိုင်းများ တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေ

ဥရောပသို့ ဓာတ်ငွေ့ပို့လွှတ်သည့် ရုရှ ဓာတ်ငွေ့ပိုက်လိုင်းများ တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေ

September 28

ဘောလ်တစ်ပင်လယ်အောက်ရှိ ရုရှ ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခု တိုက်ခိုက်ခံရ၍ ယိုစိမ့်မှုများကို ဖြစ်စေခဲ့ကြောင်း ဂျာမနီ၊ ဒိန်းမတ်နှင့် ဆွီဒင်တို့က ပြောကြားခဲ့ပြီး ထိုဖြစ်စဉ်ကို ဥရောပနိုင်ငံများက စက်တင်ဘာ ၂၇ ရက်တွင် စုံစမ်းစစ်ဆေးလျက် ရှိသည်။

ရုရှနှင့် ဥရောပ ပါတနာများ ဒေါ်လာ ဘီလီယံနှင့်ချီ သုံးစွဲ တည်ဆောက်ထားခဲ့သည့် Nord Stream ပိုက်လိုင်းများ ယိုစိမ့်မှု ဖြစ်ပေါ်ကြောင်း စက်တင်ဘာ ၂၆ ရက်က ပထမဆုံး သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ထိုယိုစိမ့်မှုများကို ဖြစ်စေခဲ့ခြင်း၏ နောက်ကွယ်တွင် မည်သူ ရှိနေနိုင်သလဲ ဆိုသည်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပိုက်လိုင်း အခြေခံအဆောက်အအုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် “သဘာဝအလျောက် ဖြစ်စဉ်များ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သတ္တုပစ္စည်း ဒဏ်ဖြစ်ခြင်း” တို့ကြောင့် ထိုယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ကြောင်းကို ဘာလင်အနေဖြင့် သေချာသိထားကြောင်း ဂျာမနီ စီးပွားရေးဝန်ကြီး ရောဘတ် ဟာဘက်ခ်က စီးပွားရေးခေါင်းဆောင်များကို ပြောသည်။

တမင်လုပ်ဆောင်သည့် လုပ်ရပ်များကြောင့် ပိုက်လိုင်း ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တမင် ဖျက်ဆီးသည့် လုပ်ရပ် ဖြစ်နိုင်ခြေရှိသည်ဟု သတင်းအချက်အလက်များက ပြသနေကြောင်း ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတို့၏ ဝန်ကြီးချုပ်များက ပြောသလို ထိုဖြစ်စဉ်သည် အဖျက်အမှောင့်လုပ်ရပ်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ်ကလည်း ပြစ်တင်ပြောဆိုခဲ့သည်။

ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံရပြီးနောက် ဥရောပသို့ ဓာတ်ငွေ့ပို့လွှတ်မှုများကို လျှော့ချထားခဲ့သည့် ရုရှကလည်း ယခုဖြစ်စဉ်သည် အဖျက်အမှောင့်လုပ်ရပ်တစ်ခု ဖြစ်နိုင်ခြေ ရှိကြောင်း ပြောသလို ပိုက်လိုင်း ယိုစိမ့်မှုများကြောင့် ဥရောပတိုက်၏ စွမ်းအင် လုံခြုံရေးအပေါ် ထိခိုက်စေသည်ဟု ပြောသည်။

ယခုဖြစ်စဉ်သည် ဥရောပကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်သည့် ရုရှ၏ တိုက်ခိုက်မှုတစ်ခု ဖြစ်ကြောင်း ယူကရိန်းအဆင့်မြင့်အရာရှိတစ်ဦးက သက်သေအထောက်အထား မဖော်ပြဘဲ ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required