မြိတ်လေဆိပ်တွင် အရပ်ဖက် အစည်းအဝေးတက်ဖို့သွားသည့် အမျိုးသား ဖမ်းဆီးခံရ

မြိတ်လေဆိပ်တွင် အရပ်ဖက် အစည်းအဝေးတက်ဖို့သွားသည့် အမျိုးသား ဖမ်းဆီးခံရ

စက်တင်ဘာလ ၂၇ ရက်

မန္တလေးမှာ ကျင်းပမည့် NGO အစည်းအဝေး တစ်ခုကို တက်ရောက်ဖို့ သွားရောက်မည့် မြိတ်ဒေသခံ တစ်ဦးကို မြိတ်လေဆိပ်၌ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံသူမှာ မြိတ်မြို့ ကန်ကြီးရပ်ကွက်တွင် နေထိုင်သူ ဦးမျိုးဦး ဆိုသူ ဖြစ်ပြီး ခြေတစ်ဖက် မသန်စွမ်းသူ တစ်ဦး ဖြစ်ကာ ၎င်းကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

မိသားစုဝင် တစ်ဦးက“ဖမ်းခံရတာ ပြီးခဲ့တဲ့ ရက်ပိုင်းကပါ၊ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ မသိရသေးပါဘူး၊ အခု ၂၆ ရက်နေ့က မြို့မ ရဲစခန်းကို ပို့လိုက်ပြီးလို့ သိရတယ်”ဟု ပြော သည်။

မြိတ်လေဆိပ်၌ ဖမ်းဆီးခံ ရသည့် ဦးမျိုးဦးကို စစ်ကောင်စီက ကနဦးတွင် မြိတ်လေတပ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ မြိတ် မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း လေတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိ အချိန်အထိ ဖမ်းဆီးခံ ဦးမျိုးဦးနှင့် အဆက်အသွယ် မရသေးကြောင်းလည်း သိရသည်။ ဦးမျိုးဦး သည် ယခင်က ကျွန်းစုမြို့နယ် အတွင်းရှိ ဒီရေတောစိုက်ပျိုရေးနှင့် သဘာ၀ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်း လုပ်ငန်း အဖွဲ့စည်းများ ဆက်လက်လုပ်ကိုင်ခြင်း ရှိမရှိကိုမူ မိသားစုဝင်များကို မေးမြန်းရာ မသိရှိကြောင်း ဖြေဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly