လုပ်ကြံခံ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး၏ နိုင်ငံတော်ဈာပန ကျင်းပ

လုပ်ကြံခံ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး၏ နိုင်ငံတော်ဈာပန ကျင်းပ

စက်တင်ဘာလ ၂၇ ရက်

လုပ်ကြံသတ်ဖြတ်ခံရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ အငြင်းပွားဖွယ် နိုင်ငံတော်ဈာပနအခမ်းအနားကို ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပရာ ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်တော်များ တက်ရောက်ကြသလို ပန်းစည်းများ ချပြီး နှုတ်ဆက်ဂါရဝပြုရန် လူတန်းရှည်များဖြင့် တန်းစီရင်း လူအများ စုဝေးခဲ့ကြသည်။

ကျန်ရစ်သူ ဇနီးဖြစ်သော အာခီ သယ်ဆောင်လာသည့် အာဘေး၏ အရိုးပြာက တိုကျိုမြို့ရှိ ဈာပနအခမ်းအနား ကျင်းပရာနေရာသို့ ရောက်ရှိခဲ့ပြီး အဆိုပါနေရာတွင် သေနတ် ၁၉ ချက် ပစ်ဖောက်ကာ လုပ်ကြံခံခေါင်းဆောင်ဟောင်းကို ဂုဏ်ပြုခဲ့ကြသည်။

အာဘေးသည် ဂျပန်နိုင်ငံ၏ သံတမန်ဆက်ဆံရေးများကို ခိုင်မာအားကောင်းစေရန် အားထုတ်မှုများအပါအဝင် အောင်မြင်မှုများစွာ စွမ်းဆောင်ထားသည့် “ရဲရင့်သည့် ပုဂ္ဂိုလ်” တစ်ဦးဖြစ်ကြောင်း လက်ရှိဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့သည်။

အရိုးပြာ၊ ဆုတံဆိပ်များနှင့် ဂျပန်နိုင်ငံအလံကို ပြသရန် အသုံးပြုသည့် ကြီးမားထည်ဝါသော ပန်းပွင့်အပြင်အဆင်နေရာတစ်ခုအထက် ချိတ်ဆွဲထားသည့် အာဘေး၏ ဓာတ်ပုံတစ်ပုံရှေ့တွင် ကီရှီဒါက “ကျွန်တော် စိတ်နှလုံးကွဲကြေရသလို ပူဆွေးခံစားရပါတယ်” ဟု ပြောသည်။

အာဘေးသည် ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး နိုင်ငံတွင် အသိအမှတ်ပြုခံရဆုံး နိုင်ငံရေးသမားတစ်ဦး ဖြစ်ကာ နိုင်ငံတကာ မဟာမိတ်အဖွဲ့များ စည်းရုံးခြင်းနှင့် ၎င်း၏ “Abenomics” စီးပွားရေး မဟာဗျူဟာတို့အတွက် လူသိများကျော်ကြားသည်။

၎င်းသည် ထပ်တလဲလဲ ပြန်ပေါ်နေသော ကျန်းမာရေးပြဿနာများကြောင့် ၂၀၂၀ ခုနှစ်က ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း အရေးပါဩဇာရှိသည့် နိုင်ငံရေးသမားတစ်ဦးအဖြစ် ဆက်ရှိနေခဲ့ကာ ၎င်း၏ အာဏာရပါတီအတွက် မဲဆွယ်စည်းရုံးပေးနေခဲ့စဉ် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က တစ်ကိုယ်တော် သေနတ်သမားတစ်ဦး၏ လက်လုပ်သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထို ပစ်ခတ်လုပ်ကြံမှုက သေနတ်ပစ်ခတ်မှု အမှုအခင်း ဖြစ်ပွားမှု နည်းပါးသည့် နိုင်ငံတစ်နိုင်ငံအတွက် လှိုင်းဂယက်ထ တုန်လှုပ်စေခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကိုလည်း ထွက်ပေါ်စေခဲ့သည်။

သို့သော် အာဘေးအတွက် နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပပေးရန် ဆုံးဖြတ်ချက်က ဆန့်ကျင်ကန့်ကွက်သံများကို ထွက်ပေါ်စေခဲ့ပြီး ထိုဈာပနပွဲ ကျင်းပမှုကို ဂျပန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းခန့်က ဆန့်ကျင်ကြောင်း မကြာသေးခင်က  ကောက်ယူခဲ့သည့် လူထုသဘောထားစစ်တမ်းများက ပြသသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly