မြန်မာနှင့် အာဖဂန်နစ္စတန်မှ ကိုယ်စားပြုတက်ရောက်သူ မရှိခဲ့သည့် ကုလ အထွေထွေညီလာခံ အဆုံးသတ်

မြန်မာနှင့် အာဖဂန်နစ္စတန်မှ ကိုယ်စားပြုတက်ရောက်သူ မရှိခဲ့သည့် ကုလ အထွေထွေညီလာခံ အဆုံးသတ်

စက်တင်ဘာလ ၂၇ ရက်

မြန်မာနှင့် အာဖဂန်နစ္စတန်မှ သက်ဆိုင်ရာနိုင်ငံအစိုးရ ကိုယ်စားပြုခေါင်းဆောင်များ နှစ်နှစ်ဆက်တိုက် တက်ရောက်မိန့်ခွန်းပြောဆိုနိုင်ခြင်း မရှိခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါင်းဆောင်များ အစည်းအဝေးသည် စက်တင်ဘာ ၂၆ ရက်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနှင့် အာဖဂန်နစ္စတန်ကို မည်သူက ကိုယ်စားပြုသင့်သလဲဆိုသည့် ကိစ္စရပ်ကို ဖြေရှင်းရန် ကုလသမဂ္ဂက ကြိုးပမ်းလျက် ရှိသည်။

တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ခေါင်းဆောင်များ၏ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးတွင် လက်ရှိ တာလီဘန်တို့ ထိန်းချုပ်ထားသော အာဖဂန်နစ္စတန်ကို ကိုယ်စားပြု တက်ရောက်မိန့်ခွန်းပြောဆိုသူ မရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံမှလည်း ကိုယ်စားပြုခေါင်းဆောင်တစ်ဦး တက်ရောက်မိန့်ခွန်းပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။

အာဖဂန်နစ္စတန်အတွက် ယမန်နှစ် အထွေထွေညီလာခံအတိုင်း ဖြစ်ခဲ့ပြီး ယမန်နှစ်က အာဖဂန်တွင် တစ်ကျော့ပြန် အာဏာပြန်ရသွားသည့် တာလီဘန်တို့သည် ကုလသမဂ္ဂနှင့် မည်ကဲ့သို့ ထိတွေ့ဆက်ဆံမလဲ ဆိုသည်ကို သဘောပေါက်နားလည်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

မြန်မာဆိုင်ရာ ကုလ အထူးသံတမန်ဖြစ်သူက သူမအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရပါက မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ထပ်သွားတော့မည် မဟုတ်ကြောင်း ပြီးခဲ့သည့်လက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီလက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့ပြီး ထိုအခြေအနေက ပြည်တွင်းစစ်ဖြစ်ကြောင်း ကုလကျွမ်းကျင်သူတချို့က ပြောကြသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရအဖွဲ့မှ ထိပ်တန်းပုဂ္ဂိုလ်များအပေါ် စွဲချက်များ စွဲဆိုထားခြင်းက ၎င်းတို့ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်နိုင်ခြင်း မရှိစေရန် လုပ်ဇာတ်ခင်းထားခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။

ကုလသမဂ္ဂတွင် မြန်မာနှင့် အာဖဂန်နစ္စတန်ကို ကိုယ်စားပြုမည့် သံတမန်ကိုယ်စားလှယ်ထိုင်ခုံနေရာများအတွက် အပြိုင်အဆိုင် တင်ပြထားမှုအနက် မည်သည့်ကိုယ်စားလှယ်ကို လက်ခံမလဲဆိုသည်ကို မဆုံးဖြတ်သေးဘဲ ကုလဘက်က ယမန်နှစ် ဒီဇင်ဘာလက ဆိုင်းငံ့ထားခဲ့သည်။

 

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly