မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့်ပစ်ခတ်ရာ ရွာလုံးကျွတ် ထွက်ပြေးနေရ

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့်ပစ်ခတ်ရာ ရွာလုံးကျွတ် ထွက်ပြေးနေရ

စက်တင်ဘာလ ၂၇ ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ၊ခေါင်းလောင်းချောင်းကျေးရွာသို့ စစ်ကောင်စီ၏ ရေတပ်နှင့် ရဟတ်ယာဉ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ရက်နေ့က စစ်တွေမြို့မှ မင်းပြားမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီ၏ ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော်(AA) မှတိုက်ခိုက်ခဲ့ သည့်အတွက် စစ်ကောင်စီမှ ခေါင်းလောင်းချောင်းကျေးရွာကို ရဟတ်ယာဉ်နှင့် ရေယာဉ်တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့၍ ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့ရွာကို စစ်တပ်ရဲ့ သင်္ဘောပေါ်ကကော လေယာဉ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုတွေရပ်သွားတာနဲ့ ကျွန်တော်တို့လည်း အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ ရေတပ်က ပြန်ဆင်းလာပြီး ထပ်ပစ်မှာကို ကိုစိုးရိမ်လို့ပါ” ဟု ခေါင်းလောင်းချောင်းရွာသားတစ်ဦး ကမဇ္ဈိမကို ပြောသည်။

ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီက မင်းပြားမြို့၊ ကျိန်းတောင် တောင်ပေါ်မှပစ်ခတ်လိုက်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်များသည် ခေါင်းလောင်းချောင်းကျေးရွာ အတွင်းသို့ ထပ်မံ ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ယမန်နေ့က မင်းပြားမြို့သို့ ထွက်ခွာသွားသည့် စစ်ကောင်စီ၏ ရေယာဉ်မှာ ယနေနံနက်ပိုင်းတွင် ခေါင်းလောင်းချောင်းကျေးရွာအနီးသို့ ထပ်မံရောက်ရှိလာပြီး ရေယာဉ်နှင့် ရဟတ်ယာဉ်များပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

“ ဒီကနေ့မနက်မှာလည်း မင်းပြားမြို့ပေါ်က ကျိန်းတောင်တောင်ထက်က လက်နက်ကြီး တွေနဲ့ လှမ်းပစ်ခတ်တာ ရွာထဲက အိမ်ပေါ်ကိုကျခဲ့တယ်။ အိမ်တစ်လုံး ပျက်စီးတယ်။ နောက် မင်းပြားဘက်ကပြန်ဆင်းလာတဲ့ ရေယာဉ်ကလည်း ရွာအနား ရောက်တော့ ပစ်တယ်။ အပေါ်ကလည်း ရဟတ်ယာဉ် နဲ့ ရွာထဲကိုပစ်ခတ်ခဲ့တယ်။ ရွာက လူတွေ အကုန် ထွက်ပြေးသွားပြီ။ ကျွန်တော်တို့က ရွာမှာစောင့်ကျန်နေခဲ့တာ။ သူတို့ပစ်နေတဲ့ အချိန်မှာတော့ လုံခြုံတဲ့နေရာမှာ နေရတာပေါ့” ဟု ခေါင်းလောင်း ချောင်းကျေးရွာတွင် ကျန်နေခဲ့သည့် ဒေသခံက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီ၏ ရေယာဉ်နှင့် ရဟတ်ယာဉ်တို့သည် ခေါင်းလောင်းချောင်းကျေးရွာ အတွင်းကို ယနေ့နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်မှ စတင်၍ ၁၅မိနစ်ကြာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်ရှိ ချောင်းလောင်းကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ကျော် နေထိုင်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly