အာဏာသိမ်းစစ်ကောင်စီကို အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို NLD ပါတီတိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီကို အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို NLD ပါတီတိုက်တွန်း

စက်တင်ဘာလ ၂၇ ရက်

အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်သော နည်းလမ်းများနှင့်တကွ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်း NLDပါတီ၊ ဗဟိုအလုပ်ကော်မတီက ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ယနေ့တွင် တိုက်တွန်းလိုက်သည်။

ယနေ့ စက်တင်ဘာလ ၂၇ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၄) နှစ်ပြည့် အခမ်းအနားတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တည်ဆဲဥပဒေများအပြင် မည်သည့် ကျင့်ဝတ်များကိုမျှ လေးစားလိုက်နာမှုမရှိဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီး၍ ကျန်းမာရေးနှင့် မလျော်ညီသော အခြေအနေတွင်ထားရှိပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေအပါအဝင် ပါတီခေါင်းဆောင်အချို့အား အကျဉ်းထောင်ထဲတွင် စနစ်တကျ ဆေးကုသမှုမရရှိဘဲ အသက်ဆုံးရှုံးခြင်းများ ဖြစ်စေခဲ့ကြောင်း NLDပါတီက ဆိုသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များအား စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့မှု၊ စာသင်ခန်းများအတွင်းမှ မူလတန်းအရွယ် ကလေးသူငယ်များ အပါအဝင် လူထုအပေါ် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့မှု နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများစွာကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

NLDပါတီအ​နေဖြင့် ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးလုပ်ငန်းများအား ထိရောက်သည့် အခန်းကဏ္ဍမှ မဆုတ်မနစ် ပါဝင်လုပ်ဆောင်နိုင်ရေး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အမြူတေ၍ စုဖွဲ့ထားသော လွှတ်တော်များမှတဆင့် အဆိုပါ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးအား နိုင်ငံရေးတရားဝင်မှု မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ယခုထက်ပိုမို အသိအမှတ်ပြု ပူးပေါင်းလာစေရေးတို့ကို ပြည်သူတို့၏ ညီညွတ်မှုအားဖြင့် တစိုက်မတ်မတ်ကြိုးစားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ပါတီအနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်သော ဒီမိုကရေစီစနစ်အောက်မှ ကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ်ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်အထိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ် ကျင့်သုံးမည်ဖြစ်ကာ တရားမဝင်အာဏာသိမ်း စစ်ကောင်စီနှင့် ယင်းကဖွဲ့စည်းထားသော အဖွဲ့အစည်းများ ကျင်းပရန် ကြံစည်နေသော ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ်အားလုံးကို မည်သည့်နည်းနှင့်မျှ (အသိအမှတ်မပြု) လက်ခံနိုင်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

NLD ပါတီသည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပြင်ဆင်လျက်ရှိပြီး အဆိုပါ လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင်၂၀၁၉ခုနှစ် အောက်တိုဘာ ၂၈ရက်နေ့တွင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကြေညာခဲ့သော ဖက်ဒရယ်အခြေခံမူ ခြောက်ချက်ကို လမ်းညွှန်ချက်အဖြစ်ခံယူကာ ဖက်ဒရယ်ဒီမိုကရေစီအရေးကို ရှေးရှုသော မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံရေးအင်အားစုအသီးသီးက ထုတ်ပြန်ကြေညာထားသော မူဝါဒကြေညာစာတမ်းများအားလုံးကိုလည်း အလေးအနက်ထား ပေါင်းစပ်စဉ်းစားပြီး ယင်းတို့၏ သဘောထားများကိုပါ ရယူ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ​ထည့်သွင်းဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly