ရိက္ခာကား မိုင်းဆွဲခံရသည့် သတင်းကြောင့် ခြေလျင်ထွက်လာသော စစ်ကောက်စီတပ် မိုင်းကွင်းထဲတွင် မိုင်းဆွဲခံရပြီး ၂ ဦးသေ ၅ ဦးဒဏ်ရာရ

ရိက္ခာကား မိုင်းဆွဲခံရသည့် သတင်းကြောင့် ခြေလျင်ထွက်လာသော စစ်ကောက်စီတပ် မိုင်းကွင်းထဲတွင် မိုင်းဆွဲခံရပြီး ၂ ဦးသေ ၅ ဦးဒဏ်ရာရ

စက်တင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာမှ မြင်းမူမြို့နယ်သို့ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က မိုင်းကွင်းထဲဝင်ရောက်လာသဖြင့် မိုင်းဆွဲခံရပြီး နှစ်ဦးသေကာ ငါးဦးဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် မြင်းမူမြို့နယ် ဂွေးပင်တောနှင့် ဘိုးမင်းကြီး ကင်းကျေးရွာကြားတွင် မုံရွာသို့ထွက်လာသည့် စစ်ကောင်စီတပ်ရိက္ခာယာဉ် မိုင်းဆွဲခံရသည့် သတင်းကြောင့် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းဖြင့် ထိုနေရာသို့ ခြေလျင် တောလမ်းအတိုင်းထွက်ခွာလာခြင်းဖြစ်သည်။ ယင်း စစ်ကြောင်းကို ယမန်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းငါးလုံးတွဲဖြင့် ဂွေးပင်တောနှင့် လက်ထုတ်တောကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တစ်ခါခွဲတာနဲ့ မိုင်း ငါးလုံးလုံး တစ်ပြိုင်ထဲကွဲအောင် ဆင်ထားတာ။ သူတို့က ခြေလျင်စစ်ကြောင်းဆိုတော့ အစုလိုက်အပြုံလိုက်တော့ မလာဘဲ ခြားပြီး တက်လာတာ။ ခါတိုင်းဆိုသူတို့မှာ Jammer(တယ်လီဖုန်းလှိုင်းနှောက်စက်) တွေပါတယ်။ ပြီးလို့ရှိရင် မိုင်းရှာသမားတွေလည်းပါတော့ ခြေလျင်စစ်ကြောင်းဆို မိုင်းတွေ အဖော်ခံရတာ များတယ်။ မိုင်းကွင်းထဲလာတိုးတယ်ဆိုတာ ရှားတယ်။ ခုတော့ မိုင်းကွင်းထဲ ရောက်လာတဲ့ အခါဆွဲလိုက်တာ” ဟု CDSOM တာဝန်ခံ ကိုနွေဦးကပြောသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသည့် နောက်ထပ် ငါးဦးကိုမူ မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ ကျန်စစ်ကောင်စီတပ်သားများမှာ အဆိုပါအနီး တစ်ဝိုက်နှင့် တောလမ်းတစ်လျှောက်တွင် လက်ရှိအချိန်ထိ ကင်းပုန်းဝပ်နေဆဲ ဖြစ်ကြောင်း ကိုနွေဦး၏ ပြောကြားချက်အရ သိရှိရသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီ ခန့်က ကဖြစ်ပွားခဲ့သည့် ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကျေးရွာကြား၌ မုံရွာသို့ထွက်လာသည့် စစ်ကောင်စီတပ်ရိက္ခာယာဉ် မိုင်းဆွဲခံရသည့်ဖြစ်စဉ်တွင်လည်း ယာဉ်မောင်းသေဆုံးကာ ယာဉ်နောက်လိုက်ကိုမူ မြင်းမူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကိုနွေဦးထံက သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို CDSOM တူမီးဖိုက်တာအဖွဲ့၊ မြောင်မြို့နယ်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးနှင့် တိုက်ခိုက်ရေးအဖွဲ့ 007၊ 012၊ Black Eagle Defence Force- MMU၊ People Defence Force Myinmu၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ - CRF Myinmu စသည့် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly