ဂန့်ဂေါမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၅၀ကျော် ထောက်ပံ့ကူညီ

ဂန့်ဂေါမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၅၀ကျော် ထောက်ပံ့ကူညီ

စက်တင်ဘာလ ၂၆ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၅,၂၅၀,၀၀၀ (ငါးဆယ့်နှစ်သိန်းငါးသောင်း) ကူညီပေးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဂန့်ဂေါ)မှ စက်တင်ဘာလ ၂၅ရက်နေ့တွင်ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၄ရက်နေ့တွင် မောက် ၊ မောက်လင်း ၊ ကျော်ရွာ ၊ ထယ်လှော်ကျေးရွာများရှိ မီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀,၀၀၀ (တစ်သောင်း) နှင့် ဆီ ၅၀ကျပ်သား ကူညီခဲ့ကြောင်းဆိုသည်။

ထို့အပြင် မြင်းဇာ ၊ လာပို့ ၊ ရွာစည် နှင့် ရွှေတောင်ကျေးရွာများရှိ မီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀,၀၀၀ နှင့် ဆီ ၅၀ကျပ်သားစီ ကူညီခဲ့ပြီး စုစုပေါင်း ထောက်ပံ့သော ငွေသားပမာဏမှာ ၂,၁၅၀,၀၀၀ (နှစ်ဆယ့်တစ်သိန်း ငါးသောင်း) နှင့် ဆီ ၆၇ပိဿာ ထောက်ပံ့ခဲ့ကြောင်းသိရသည်။

၎င်းအပြင် ကျပ် ၂,၂၀၀,၀၀၀ (နှစ်ဆယ့်နှစ်သိန်း) တန်ဘိုးရှိ အသုံးအဆောင်ပစ္စည်းများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် စုစုပေါင်း တန်းဖိုး ၅,၂၅၀,၀၀၀ ကျပ် (ငါးဆယ့်နှစ်သိန်း ငါးသောင်းကျပ်) ကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ကူညီထောက်ပံ့ရန် ကျန်ရှိနေသော စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအတွက်လည်း ထောက်ပံ့နိုင်ရန်ကြိုးစားလျက်ရှိပြီး ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးကြပါရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တိုက်တွန်းနှိုးဆော်ထားသည်။

စက်တင်ဘာလ ၁၂ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ် (ပအဖ) ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်ပရောက် ယောသူယောသားများက မီးဘေးသင့် စစ်ဘေးရှောင် အိမ်ထောင်စု ၈၁စုအတွက် တစ်အိမ်ထောင်လျှင် ၃၅,၀၀၀ နှုန်းဖြင့် ၂,၈၃၅,၀၀၀ကျပ် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ပေါင်း ၂၅ရွာရှိ ပြည်သူများအတွက် ဂန့်ဂေါမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ထံ ကူညီလှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly