မော်လူးမြို့မှ နဘားရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရ တပ်ကြပ်အပါအဝင် ၂ဦးသေ

မော်လူးမြို့မှ နဘားရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရ တပ်ကြပ်အပါအဝင် ၂ဦးသေ

စက်တင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ အထက်ပိုင်း ကသာခရိုင် ၊ မော်လူးမြို့ဘက်မှ နဘားရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်အပါ အဝင်နှစ်ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Indaw Revolution – IR မှ ယနေ့ စက်တင်ဘာ၂၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

မော်လူးမြို့နယ် ကားလမ်းပေါ်ရှိ ကုန်ကားများကို ချောဆွဲ၍ ဆင်းလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ချိန် မိနစ်၃၀ ခန့် ကြာကြောင်း သိရသည်။

“မနေ့က တိုက်ပွဲက မော်လူးနဲ့ နဘားကြားမှာပါ၊ နဘားရွာနဲ့တော့ပိုနီးတာပေါ့။ စခ(စစ်ကောင်စီတပ်)ဘက်က နှစ်ကောင်သေတယ် အတိအကျပဲ၊ သူတို့ဘက်က နှစ်ကောင်သေပြီး ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ သေတဲ့စခနှစ်ကောင်ကို နဘား ခရစ်ယာန်သင်္ချိုင်းမှာ မြုပ်သွားတယ်။ သူတို့က အဖွဲ့တွေခွဲလာတယ်၊ ပြီးတော့ မော်လူးတပ်ကုန်းမှာ အားလုံးစုထိုင်တယ်၊ မော်လူးတပ်ကုန်းကနေ နဘားဘက်ကို ခွဲပြီးပြန်ထွက်တဲ့အခါမှာ တိုက်ခိုက်ခဲ့တာပါ” ဟု Indaw Revolution-IR မှ ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နဘားရွာကားလမ်းဘေးရှိ ဆိုင်တချို့မှ ဖုန်း ၊ ပိုက်ဆံ ၊ အရက်ဘီယာများနှင့် ထမင်းဟင်းများကို စစ်ကောင်စီတပ်မှ ယူဆောင်သွားကြောင်း နဘားရွာဒေသခံ တစ်ဦးထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ရက်တွင် ပိတ်ထားသည့် ထီးချိုင့်-အင်းတော်- မော်လူးလမ်းနှင့် အင်းတော်- ကသာလမ်း ပိုင်းများကို Indaw Revolution-IR က ယနေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည့် အင်းတော်အနောက်ဘက် အင်းတော်-ဗန်းမောက်လမ်းကိုမူ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်က ကချင်ပြည်နယ် နန်းစီးအောင် စစ်ဆေးရေးဂိတ်မှ စစ်ကိုင်းတိုင်း မော်လူးမြို့ဘက်သို့ ခြေလျင်စစ်ကြောင်း ထိုးလာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ကို ပဒေသာမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက် ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင်း ထိခိုက်ဒဏ်ရာရရှိသူများအား နန့်စီးအောင်ဂိတ်မှ အိမ်စီးကားဖြင့် မိုးညှင်းမြို့နယ်ဘက်သို့ သယ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့နှင့် ၂၅ရက်တို့တွင် ဖြစ်ပွားခဲ့သည့် နှစ်ရက်တာတိုက်ပွဲကို KIA ၊ PDF၊ ABSDF Indaw Revolution-IR တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နဘားရွာဒေသခံများသည် စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် နှစ်ရက်ကြာ စစ်ဘေးရှောင်နေရပြီး ယနေ့ စက်တင်ဘာလ ၂၆ ရက်တွင် ရွာထဲကိုပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိ နောက်ဆုံးရရှိထားသည့် သတင်းများအရ အဆိုပါစစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလျက်ရှိ ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly