ဘင်္ဂလားဒေ့ရှ်အစိုးရတပ်မှ ဒုက္ခသည်စခန်းသို့ဝင်ရောက်ရှာဖွေနေကြောင်း ပုံဟောင်းဖြင့်သတင်းတုဖြန့်ဝေမှု

ဘင်္ဂလားဒေ့ရှ်အစိုးရတပ်မှ ဒုက္ခသည်စခန်းသို့ဝင်ရောက်ရှာဖွေနေကြောင်း ပုံဟောင်းဖြင့်သတင်းတုဖြန့်ဝေမှု

မဇ္ဈိမ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ဒုက္ခသည်စခန်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရတပ်များမှ ရက္ခိုင့်တပ်တော် - AA တပ်များကို ပိုက်စိတ်တိုက်ရှာဖွေနေရှိကြောင်း သတင်းဓါတ်ပုံတစ်ခု ဖေ့ဘုတ်တွင် ပျံ့နှံ့လျှက်ရှိသည်။ ထိုပုံမှာ ပုံဟောင်းဖြစ်သည်၊
 
"သားဇော်ဂျီ" အမည်ရှိ ဖေ့ဘုတ်အကောင့်တစ်ခုမှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် "အဲလိုလိမ်မာစမ်းပါ ဘကုန်း... မဟုတ်ရင် မင်းပါ ပျားတုပ်သွားမယ်နော်...သိဖို့ " ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ ပုံတစ်ပုံနှင့် တွဲ၍ဖြန့်ဝေထားသည်။ 

အဆိုပါပုံပေါ်တွင် "AA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာကို တန်ပြန်သည့်အနေဖြင့် ဒုက္ခသည်စခန်းအတွင်း၌ AA အကြမ်းဖက်သောင်းကျန်းသူများကို ဘင်္ဂလားဒေ့ရှ်အစိုးရတပ်များ ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိ။" ဟု စာရေးသားထားသည်ကိုတွေ့ရသည်။

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများမှ ထိုပုံကို Reverse Image Search ဖြင့် ပုံ၏ ရာဇဝင်ကို စစ်ဆေးခဲ့ကြသည်။

တွေ့ရှိချက်အရ အဆိုပါပုံသည် ၂၀၂၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း Cox's Bazar ရှိ ရိုဟင်ဂျာစခန်းအတွင်း ပဋိပက္ခဖြစ်ပွားကြရာမှ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့သောကြောင့် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်ဖြန်ဖြေပေးစဉ်မှ ပုံဖြစ်သည်။ 

ထိုအကြောင်းအရာကို RFA သတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဖော်ပြခဲ့သည်။ သတင်းလင့် - t.ly/PFbY

ယခုလအတွင်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ခိုက်မှု အကြိမ်ရေ တိုးလာခဲ့သည်။ 

တိုက်ပွဲများကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာနိုင်ငံဘက်မှ လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံးခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါကိစ္စကိုကန့်ကွက်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆက်တိုက်ဆိုသကဲ့သို့ခေါ်ယူ သတိပေးထားပြီးလည်းဖြစ်သည်။

ထိုဖြစ်စဉ်ကိုအခြေခံ၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ကျရောက်သည့် လက်နက်ကြီးမှာ AA ဘက်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ပုံဖော်ကာ ပုံအဟောင်းဖြင့် သတင်းအတုဖြန့်ဝေနေခြင်းဖြစ်သည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်သည်။

#Misinforamtion_Buster
#Fake_News
#ပုံဟောင်း
#ဒုက္ခသည်စခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required