အင်္ဂလန်အသင်းဟာ နေရှင်းလိဂ် (Nations League ) ကနေ တန်းဆင်းခဲ့ရပြီးနောက် ဂါရတ် ဆောက်ဂိတ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနေတာကြောင့် ဂျာမနီအသင်းနည်းပြချုပ် ဟန်စီဖလစ်က သူဟာ အင်္ဂလန်အသင်းသမိုင်းကြောင်းမှာ အအောင်မြင်ဆုံးနည်းပြဖြစ်တယ်လို့ ကာကွယ်ပြောဆိုပါတယ်။
အင်္ဂလန်ဟာ 'အရမ်းကောင်းတဲ့ အသင်းတစ်သင်း' ဖြစ်နေဆဲဖြစ်ပြီး တနင်္လာနေ့ ဝင်ဘလေကွင်းမှာ နှစ် နိုင်ငံထိပ်တိုက်တွေ့ဆုံတဲ့အခါ မည်သည့်အခွင့်အရေးကိုမှ ပေးမှာမဟုတ်ဘူးလို့ ဖလစ်က ပြောပါတယ်။
"အမှန်ပါပဲ၊ ရလဒ်တွေ အဆင်မပြေရင် နည်းပြကို ဝေဖန်ဖို့ အမြဲတမ်း လွယ်ပါတယ်။ ဒါပေမယ့် သူက အောင်မြင်ဆုံး နည်းပြတွေထဲက တစ်ယောက် ဒါမှမဟုတ် နိုင်ငံ့နည်းပြတွေရဲ့ အင်္ဂလိပ်သမိုင်းမှာ အအောင်မြင်ဆုံးပါ။ သူဟာ လက်ရှိအချိန်မှာ အကောင်းဆုံး အောင်မြင်မှု မှတ်တမ်းလည်း ရှိနေပါတယ်။ အဲဒါကြောင့် သူလုပ်ခဲ့တာတွေ အများကြီး မှန်ပြီး ကောင်းတဲ့အလုပ်လို့ ကျနော် ထင်ပါတယ်။ ကျနော် ပြောနိုင်တာက အရမ်းကောင်းတဲ့အသင်းပါ။ ကျနော်တို့ အနိုင်ယူဖို့ ခက်ခဲမယ့် အသင်းပါ။ ကျနော်တို့ နိုင်ပွဲရဖို့ တကယ်ကို ထိပ်တန်းပုံစံရှိဖို့ လိုပါတယ်။"လို့ နည်းပြ ဖလစ်က ပြောပါတယ်။
ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့ပြီး ယူရို ၂၀၂၀ မှာ ၅၅ နှစ်ကြာ ပထမဆုံးအဓိကပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အသိအမှတ်ပြုမှုအချို့ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စု A3 မှာ သူတို့ရဲ့ ပထမဆုံးငါးပွဲမှာ နိုင်ပွဲမရခဲ့ဘဲ နေးရှင်းလိဂ်ရဲ့ ထိပ်တန်းအဆင့်မှ တန်းဆင်းခဲ့ရပါတယ်။