ရုရှက နျူလကီးယားလက်နက် အသုံးပြုလျှင် အကျိုးဆက် ရင်ဆိုင်ရမည်ဟု အမေရိကန် သတိပေး 

ရုရှက နျူလကီးယားလက်နက် အသုံးပြုလျှင် အကျိုးဆက် ရင်ဆိုင်ရမည်ဟု အမေရိကန် သတိပေး 

စက်တင်ဘာလ ၂၆ ရက်

ရုရှက သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ရှိနေသော ဆန္ဒခံယူပွဲများ ကျင်းပနေပြီး ရုရှ၏ တိုးချဲ့နယ်မြေအဖြစ် အတည်ပြုသတ်မှတ်နိုင်ပြီဆိုပါက အပြည့်အဝ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးက ပြောထားသည့်နောက်တွင် ယူကရိန်း၌ ရုရှက နျူကလီးယားလက်နက် အသုံးပြုလာပါက “ကြီးမားသော အကျိုးဆက်” နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း အမေရိကန်က သတိပေးလာခဲ့သည်။ 

ဖေဖော်ဝါရီလအတွင်း ကျူးကျော်စစ် ဆင်နွှဲချိန်မှာစကာ အများအားဖြင့် ရုရှက အင်အားသုံး သိမ်းပိုက်ထားသော ယူကရိန်းအရှေ့ပိုင်း နယ်မြေဒေသ လေးခု၌ ရုရှနှင့် ပူးပေါင်း မပူးပေါင်း ဆန္ဒခံယူပွဲများ ကျင်းပနေတသည်မှာ တနင်္ဂနွေနေ့တွင် သုံးရက်မြောက် ရှိပြီ ဖြစ်သည်။ ရုရှလွှတ်တော်အနေဖြင့် ရက်ပိုင်းအတွင်းမှာပင် အဆိုပါ သိမ်းပိုက်နယ်မြေများကို တရားဝင် အတည်ပြုလာနိုင်သည်။ 

လူဟန့်စ်ခ်၊ ဒွန်နက်စ်၊ ခါဆွန်နှင့် ဇာပိုရေးရှား နယ်မြေ လေးခုကို ရုရှအတွင်း သွတ်သွင်းခြင်းအားဖြင့် ယင်း နယ်မြေများကို ပြန်လည်သိမ်းယူရန် ကြိုးစားလာခြင်းများကို ရုရှအပေါ် တိုက်ခိုက်လာခြင်းအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ယူကရိန်းနှင့် ၎င်း၏ အနောက်မဟာမိတ်များကို သတိပေးထားသည်။ 

ယူကရိန်း တပ်ဖွဲ့များက အနောက်အုပ်စု လက်နက်များ အသုံးပြုနေခြင်းကြောင့် ရုရှ၏ ကျူးကျော်မှုများသည် ယင်းနှင့် နေတိုးစစ်မဟာမိတ်တို့အကြား တိုက်ရိုက်စစ်ရေး ထိပ်တိုက်တွေ့မှု ဘေးအန္တရာယ်များ မြင့်တက်လာလျက် ရှိသည်။ 

ယူကရိန်းအပေါ် ရုရှ၏ မည်သို့သော နျူကလီးယားလက်နက် သုံးစွဲမှုမျိုးမဆို အမေရိကန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်က တနင်္ဂနွေနေ့တွင် ပြောသည်။ ယင်းမှာ ရုရှအနေဖြင့် “ကြီးမားသည့် အကျိုးဆက်များ” ကို ရင်ဆိုင်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“ဒီ မျဉ်းကို ရုရှက ကျော်လိုက်ပြီဆိုတာနဲ့ ရုရှအတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်၊ အမေရိကန်က ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပဲ ဖြစ်တယ်”ဟု ဆူလီဗန်က NBC သတင်းဌာနသို့ ပြောသည်။ 

ရုရှသမ္မတ ဗလာဒီမာ ပူတင်က နျူကလီးယား ခြိမ်းခြောက်မှု အရိပ်အငွေ့ပါသော ပြောဆိုခဲ့မှုနောက်၌ ယခု အမေရိကန်၏ သတိပေးချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ ပူတင်က ပိုင်နက်နယ်မြေကို ကာကွယ်ရန် မည်သည့်လက်နက်မဆို ရုရှနိုင်ငံက အသုံးပြုသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly