အမေရိကန်ထံမှ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ယူကရိန်း ရရှိ

အမေရိကန်ထံမှ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ယူကရိန်း ရရှိ

September 26

ယူကရိန်းသည် အမေရိကန်နိုင်ငံထံမှ ခေတ်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ရရှိထားကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

ယူကရိန်းသို့ လက်နက်စနစ်များ ပို့ဆောင်မှုကို ဝါရှင်တန်က ပြီးခဲ့သည့် လကုန်ပိုင်းက အတည်ပြုပေးခဲ့သလို ကိယက်ဗ်ဘက်က ကာလကြာ တောင်းထားခဲ့သော NASAMS လေကြောင်းရန် ကာကွယ်ရေးစနစ် လက်ခံရရှိထားကြောင်းကို ယူကရိန်းသမ္မတက ပထမဆုံး ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

“ခေါင်းဆောင်မှုကို ပြသဖို့နဲ့ ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ဖို့ ကျွန်တော်တို့ဟာ အမေရိကန်ကို သေချာပေါက် လိုအပ်ပါတယ်။ အကောင်းမြင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒင်ကို ကျွန်တော် ကျေးဇူးတင်လိုပါတယ်” ဟု ဇယ်လန်စကီးက ပြောသည်။

“ဒါပေမယ့် တကယ်ပြောရရင်တော့ ယူကရိန်းရဲ့ အရပ်ဖက် အခြေခံအဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ တက္ကသိုလ်တွေ၊ လူနေအိမ်တွေကို ကာကွယ်ပေးဖို့ ဒါနဲ့ပဲ မလုံလောက်သေးပါဘူး” ဟု ၎င်းက ပြောသည်။

ကျူးကျော်သူ ရုရှတပ်များအပေါ် ယူကရိန်းဘက်က တန်ပြန်ထိုးစစ်ဆင်နိုင်ရာတွင် ထောက်ကူနိုင်ရန် HIMARS နှင့် အခြားသော ဒုံးကျည်စနစ်များ ပေးအပ်ခြင်းအတွက် အမေရိကန်ကို ဇယ်လန်စကီးက ကျေးဇူးတင်စကား ဆိုခဲ့သည်။

ယူကရိန်းသည် နိုင်ငံအရှေ့မြောက် ခါကိဗ် ဒေသတွင် ရုရှ၏ သိမ်းပိုက်ခြင်းကို ခံထားရသော နယ်မြေများကို ပြန်လည်လွတ်မြောက်စေရန် ယခုလအတွင်း တန်ပြန်ထိုးစစ်များကို လုပ်ဆောင်ထားခဲ့သည်။ ယူကရိန်းသည် နိုင်ငံတောင်ပိုင်းတွင်လည်း တန်ပြန်ထိုးစစ်ဆင်ချီတက်မှုများ လုပ်ဆောင်ထားသည်။

ရုရှသည် ခုနစ်လကြာရှိလာပြီဖြစ်သည့် ယူကရိန်းအပေါ် ကျူးကျော်မှုကို “အထူးစစ်ဖက် စစ်ဆင်ရေး” တစ်ခု ဖြစ်သည်ဟု ထုတ်ဖော်ထားပြီး အရပ်ဖက်နေရာများကို ပစ်မှတ်ထားခြင်း မရှိဟု ပြောထားသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required