ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာ နှင့် အုပ်ရှစ်ပြားကျေးရွာများမှနေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ ၊ အမျိုးသမီး ၃ ဦးကိုဖမ်းဆီးခေါ်ဆောင်

By လွှမ်းမိုး
26 September 2022
ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာ နှင့် အုပ်ရှစ်ပြားကျေးရွာများမှနေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ ၊ အမျိုးသမီး ၃ ဦးကိုဖမ်းဆီးခေါ်ဆောင်

September 26

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့နယ် ၊ မြောက်ဘက်ခြမ်း ရှိ သဲကောကြီးကျေးရွာနှင့် အုပ်ရှစ်ပြားကျေးရွာရှိ နေအိမ်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် သဲကောကြီး ကျေးရွာ မှ နေအိမ် ခြောက်လုံး နှင့် အုပ်ရှစ်ပြား ကျေးရွာ မှ နေအိမ် ကိုးလုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီတပ်တွေက ရွာဘက်ကို ဦးတည်လာကတည်းက ပြေးနေရတာပါ။ သဲကော်ကြီးကျေးရွာ နဲ့ အုပ်ရှစ်ပြား ကျေးရွာတွေကို ဆက်တိုက်ရှို့ သွားတာ ဖြစ်ပါတယ်၊ သဲကောကြီးက အိမ် ခြောက်လုံးနဲ့ အုပ်ရှစ်ပြားကအိမ် ကိုးလုံးတော့ မီးထဲပါသွားတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် သဲကောကြီး ကျေးရွာမှ အမျိုးသမီးသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ဆားလင်းကြီးမြို့နယ်တွင် အုပ်ရှစ်ပြားကျေးရွာ အပါအဝင် ကျေးရွာ ခုနစ်ရွာမှ ပြည်သူထောင်နှင့် ချီ၍ စစ်ရှောင်နေရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#ဆားလင်းကြီး

#ကျေးရွာနေအိမ်များ

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly