ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာတွင် ဒေသခံအမျိုးသား ၃ဦး PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံရ

ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာတွင် ဒေသခံအမျိုးသား ၃ဦး PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံရ

September 26

မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာနေ ဒေသခံအမျိုးသား သုံးဦးကို စစ်ကောင်စီတပ်များနှင့် ရဲများက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ငါးပြေမ ကျေးရွာတွင် သီဟိုဠ်စိုက်၊ နွားမွေး စသည့်လုပ်ငန်းများကို လုပ်ကိုင်နေသည့် အသက် ၆၀ ကျော်အရွယ် ဦးလှတင်၊ ဦးထွန်းကြည်နှင့် ဦးကုလားရှည် တို့ကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြော သည်။

ဟိုင်းကြီးရေတပ်မှ စစ်ကောင်စီတပ်များနှင့် ဟိုင်းကြီးရဲစခန်းရှိ ရဲများက လက်နက်အင်အားအများအပြားအသုံးပြုကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

"အဖမ်းခံရတဲ့လူတွေက ငါးပြေမ တောင်ရိုးဘက်မှာ လုပ်ကိုင်စားနေတာ နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်လောက်ရှိပြီ၊ ဦးထွန်းကြည်ကပိုင်ရှင်၊ ကျန်တဲ့နှစ်ယောက်ကတော့ လူငှားတွေပါ၊ အသက်ကြီးပိုင်းလူကြီးတွေကို မတရားစွပ်စွဲပြီး ဖမ်းသွားကြတာလို့ သိရတယ်"ဟု ဒေသခံက ဆိုသည်။

ထို့နောက် အဆိုပါအမျိုးသား သုံးဦးကို ဟိုင်းကြီးရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုများပြုလုပ်နေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာနေ အသက် ၂၀ ခန့်အရွယ် လူငယ် သုံးဦး ၊အမျိုးသမီး သုံးဦးနှင့် အသက် ၆၀ ကျော်အရွယ် ရခိုင်တိုင်းရင်းသားကို ရက္ခိုင့် တပ်တော်(AA)နှင့် ပတ်သက်သည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဟိုင်းကြီးကျွန်းမြို့

#စစ်ကောင်စီတပ်

#AA

#ရခိုင်တိုင်းရင်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly