သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) ၏ နေအိမ်ပတ်ဝန်းကျင် မြင်ကွင်း

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) ၏ နေအိမ်ပတ်ဝန်းကျင် မြင်ကွင်း

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်အတွင်း၌ ယမန်နေ့ စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသည့် နေအိမ်မှာ စစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း၏ ဆရာအရင်းဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် အုန်းသွင်၏ နေအိမ်၌ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကို Inya Urban Force (IUF) နှင့် အမည်မဖော်လိုသည့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မြို့ပြပြောက်ကျားများ တိုက်ခိုက်မှုပြုလုပ်ခဲ့သော အငြိမ်းစား ဗိုလ်ချုပ် အုန်းသွင်၏ နေအိမ်ပတ်ဝန်းကျင်အနီးသို့ အခင်းဖြစ်ပွားပြီး ညပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့သည်။ အခင်း ဖြစ်ပွားသည့် နေအိမ်တည်ရှိရာနေရာမှာ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ အောင်ဓမ္မရိပ်သာ ဝင်းအတွင်း၌ ဖြစ်ပြီး တစ်ဖက်ပိတ် လမ်းတို လမ်းသွယ်များ ခပ်စိတ်စိတ်ရှိကာ အများစုမှာ ကိုယ်ပိုင် နေအိမ်ခြံဝန်းများဖြစ်သည်။

၎င်း၏ နေအိမ်တည်ရှိရာ လမ်းမရောက်ခင် အောင်ဓမ္မရိပ်သာဝင်းအတွင်း တစ်နေရာတွင် အိမ်ဆိုင်အသေးလေးတစ်ခုရှိသဖြင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရပ်ကွက်နေပြည်သူအနေဖြင့် ကြားသိထားသည်များရှိမည်လား မေးမြန်းကြည့်ရာ အရောင်းဆိုင်ထိုင်နေသူ ကိုယ်တိုင် မသိရှိသဖြင့် သိရှိသူ မရှိသလောက် နည်းပါး သည်ကို တွေ့ရသည်။

အောင်ဓမ္မရိပ်သာဝင်းသည် ရန်ကုန် အင်းစိန်လမ်း(သမိုင်းလမ်းဆုံ) နှင့် ပါရမီလမ်းလမ်း နှစ်ဖက်မှ ဝင်ထွက်သွားလာနိုင်သဖြင့် အဆိုပါအနီးတဝိုက် လမ်းတစ်ဖက်တစ်ချက်ရှိ ဈေးဆိုင်များ အားဆက်လက်မေးမြန်းကြည့်ရာ ၎င်းတို့အနေဖြင့်လည်း ထူးထူးခြားခြား မြင်တွေ့ ရခြင်းမျိုးမရှိသေးကြောင်း ဖြေကြားသည်။

ထို့နောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်တည်ရှိရာ လမ်းအတွင်းသို့ ဝင်ရောက် ကြည့်ရှူခဲ့ရာ ဘယ်ဘက်တွင် လမ်းအဆုံးအိမ်အပိတ်ဖြစ်ပြီး ၎င်းလမ်းမှ ပြန်ထွက်နိုင် သည့်လမ်းမှာ လမ်းသွယ်နှစ်ခုသာရှိသည်။ လမ်းတစ်လျှောက် ဆက်လက် ကြည့်ရှုခဲ့ရာ အိမ်ခြေ ၂၀ ခန့်ရှိပြီး ထူးခြားသည့် ပုံစံအရိပ်အယောင်တစ်ခုမှ မမြင်တွေ့ရပေ။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဆိုသော နေအိမ်တွင်လည်း နာရေးအပြင်အဆင်များ၊ လူအဝင်အထွက်၊ ကားအဝင်အထွက်နှင့် အစောင့်အကြပ်ချထားခြင်းမျိုးလည်းမရှိပေ။

သို့သော် အိမ်စီးကားတစ်စီးသည် အဆိုပါလမ်းအတွင်းသို့ဝင်လာသောကားနောက်သို့ ပိတ်ရပ်၍ အခြေအနေစောင့်ကြည့်နေဟန်ရှိပြီး လမ်းအတွင်းသို့ဝင်လာသည့် ကားပြန်ထွက်မည့် အရိပ်အယောင်မြင်မှသာ ၎င်းက ဦးစွာပြန်လည်ထွက်ခွာသွားသည်။ ထို့နောက် အောင်ဓမ္မရိပ်သာအတွင်း၌ ခေတ္တစောင့်ဆိုင်းပြီးမှ ပါရမီလမ်း ဘက်သို့ ပြန်ထွက်ကာ မင်းဓမ္မလမ်းအတိုင်း အရှိန်ဖြင့် မောင်းထွက်သွားခြင်းမျိုး တွေ့ရသည်။

ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အငြိမ်းစားဗိုလ်ချုပ် အုန်းသွင်နှင့် ၎င်း၏ သားမက်ဖြစ်သူ အငြိမ်းစား ဗိုလ်ကြီး ရဲတေဇတို့မှာ သေဆုံး သွားပြီဖြစ်ကြောင်း ၎င်းတို့နှင့် ဆက်စပ်အသိုင်းအဝိုင်းများ စစ်ကောင်စီ၏ဝါဒဖြန့် မီဒီယာချန်နယ်များမှ သတင်းများရေးသားကြသလို တိုက်ခိုက်မှုပြုလုပ်သည့် အဖွဲ့မှလည်း အတည်ပြုထားသည်။

အငြိမ်းစားဗိုလ်ချုပ် အုန်းသွင်တွင် သားသမီးသုံးဦးရှိပြီး သားအလတ်ဖြစ်သူမှာ လက်ရှိ ရခိုင်ပြည်နယ်တွင်တာဝန်ကျနေသော ဗိုလ်မှူးကျော်ဇင်စိုးဆိုသူဖြစ်၍ အကြီးဆုံး သားမှာ ကျော်ဇေစိုးဖြစ်ကာ အငယ်ဆုံးသမီးဖြစ်သူမှာ လင်းနန္ဒာသွင်ဖြစ်ကြောင်း Inya Urban Force (IUF) က ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required