ပါကစ္စတန်တွင် ဂျုံနှင့် ဂျုံမှုန့်ဈေးနှုန်းများ ထိုးတက်

ပါကစ္စတန်တွင် ဂျုံနှင့် ဂျုံမှုန့်ဈေးနှုန်းများ ထိုးတက်

ပါကစ္စတန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု ဆက်လက်ဖြစ်ပေါ်နေစဉ် ဂျုံနှင့် ဂျုံမှုန့်ဈေးနှုန်းများသည် ၁၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက်က The Express Tribune မီဒီယာက ဖော်ပြသည်။
 
လာမည့် စိုက်ပျိုးရာသီအတွက် ဆင်းဒ်ပြည်နယ်အစိုးရက ဂျုံ ထောက်ပံ့ကြေးနှုန်းထားကို ၄၀ ကီလိုလျှင် ရူပီး ၄၀၀၀ နှုန်းအထိ နှစ်ဆတိုးမြှင့်ခြင်းနှင့် အောက်တိုဘာလတွင် စားကုန်သီးနှံ စိုက်ပျိုးမှု နှောင့်နှေးနိုင်သည့် အလားအလာတို့ ရှိနေခြင်းကြောင့် ဂျုံနှင့် ဂျုံမှုန့် ဈေးနှုန်းများ ထိုးတက်သွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ဂျုံမှုန့်ဈေးနှုန်းသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တစ်ကီလိုဂရမ်လျှင် ရူပီး ၂၀-၂၅ နှုန်း မြင့်တက်ပြီး ကရာချိတွင် တစ်ကီလိုလျှင် ရူပီး ၁၂၀-၁၂၅ အထိ ဈေးပေါက်ခဲ့ကြောင်း ပြည်သူများနှင့် ကုန်စုံရောင်းချသူများကို ကိုးကားပြီး အဆိုပါ သတင်းစာက‌ ဖော်ပြသည်။

ပါကစ္စတန် စာရင်းအင်းဗျူရို (PBS) ၏ စက်တင်ဘာ ၁၆ ရက်ထုတ် အစီရင်ခံစာတစ်ရပ်အရ စက်တင်ဘာ ၁၅ ရက်တွင် ကုန်ဆုံးသည့် သီတင်းပတ်အတွင်း နိုင်ငံတစ်ဝန်းတွင် ဂျုံမှုန့်ဈေးနှုန်းသည် ပျမ်းမျှ ၇ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ကီလိုလျှင် ၁၀၆ ဒသမ ၃၈ ရူပီးအထိ ရောက်ရှိခဲ့ရာတွင် ယင်းကို စက်တင်ဘာ ၈ ရက်တွင် ကုန်ဆုံးသည့် အစောပိုင်းသီတင်းပတ်က ရူပီး ၉၈ ဒသမ ၉၅ နှင့် နှိုင်းယှဉ်နိုင်သည်။

သီတင်းပတ်တစ်ပတ်အတွင်း ဂျုံဈေးနှုန်းသည် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်ပြီး တစ်ကီလိုလျှင် ၈၈ ရူပီးအထိ ရောက်ရှိခဲ့သည်။  အစောပိုင်းသီတင်းပတ်က တစ်ကီလိုလျှင် ၇၇ ဒသမ ၄၂ ရူပီး ရှိခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly