လူမြင်ကွင်း၌ ဝတ်ပြုဆုတောင်းသည့် တိဗက် ၅ ဦးကို တရုတ်အာဏာပိုင်များက နှိပ်စက်သဖြင့် ၁ ဦး သေဆုံး

By RFA
22 September 2022
လူမြင်ကွင်း၌ ဝတ်ပြုဆုတောင်းသည့် တိဗက် ၅ ဦးကို တရုတ်အာဏာပိုင်များက နှိပ်စက်သဖြင့် ၁ ဦး သေဆုံး

လူမြင်ကွင်းတွင် အမွှေးတိုင်ထွန်းကာ ဆုတောင်းဝတ်ပြုသည့် တိဗက် ၅ ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးနှိပ်စက်ခဲ့ရာ ၁ ဦးသေဆုံးသွားကြောင်း အဝေးရောက် တိဗက် ၂ ဦးက RFA သို့ ပြောသည်။

ချူဒါ၊ ဂယ်လို၊ ဆီဒို၊ ဘာမိုနှင့်ကိုရီတို့သည် ဩဂုတ် ၂၄ ရက်က တရုတ်အနောက်မြောက်ပိုင်း စီချွမ်ပြည်နယ်ရှိ ဆာတာကောင်တီတွင် အဝေးရောက်တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ သက်တော်ရှည်ရေး အမွှေးတိုင်များထွန်းညှိကာ ဆုတောင်းပေးခဲ့ကြသည်။

ဘာသာရေးဆိုင်ရာလှုပ်ရှားမှုများသည် မည်သည့်ဥပဒေကိုမှ ချိုးဖောက်ရာမရောက်ကြောင်း သတင်း ရင်းမြစ်များက ဆိုသော်လည်း ရဲများက ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဖမ်းဆီးခံထားရတဲ့ တိဗက်လူမျိုးတွေဟာဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ဦးဆောင်ဖို့ သူတို့ဒေသက တိဗက်လူမျိုးတွေက ခန့်အပ်ထားတာပါ ဟု လုံခြုံရေးအကြောင်းပြချက်ဖြင့် အမည်မဖော်လိုသူ အဝေးရောက် တိဗက်တစ်ဦးကRFA တိဗက်ဌာနသို့ ပြောကြားခဲ့သည်။

 ချူဒါသည် ကာဇီတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ အကျဉ်းထောင်တစ်ခုတွင် သေဆုံးသွားခဲ့ပြီး ကျန် ၄ ဦးမှာ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ အဝေးရောက်တိဗက်လူမျိုး တစ်ဦးက RFA ကို ပြောသည်။
 
ချူဒါသေဆုံးရပုံမှာ သံသယဖြစ်စရာကောင်းသည်ဟု ပထမသတင်းရင်းမြစ်က ပြောသည်။

"ချူဒါ ရဲ့ အဖေနဲ့ တခြားမိသားစုဝင်တွေက သူ့အလောင်းကို သွားယူတော့ တရုတ်ရဲတွေက ချူဒါ သေဆုံးတာဟာ ရဲတွေနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ရေးထားတဲ့ စာရွက်ကို လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်" ဟု ပထမသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အခြားတိဗက်လူမျိုး ၄ ဦးကို ဆာတာခရိုင်ရှိ အကျဉ်းထောင်တွင် တစ်ပတ်ကြာ ထိန်းသိမ်းခဲ့ပြီး ဩဂုတ်လ ၃၁ ရက်တွင် ကာဇီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း ပထမသတင်းရင်းမြစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required