ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ဖြင့် ဖြန့်ဝေထားသည့်ကြေငြာချက်အတု

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ဖြင့် ဖြန့်ဝေထားသည့်ကြေငြာချက်အတု

စက်တင်ဘာလ ၂၄ ရက်

ထားဝယ်မြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီသတင်းပေးကို ရှင်းလင်းရန်သွားရောက်ရာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာချက်တစ်ခု ပြန့်နှံ့လျက်ရှိသည်။ ထိုကြေငြာချက်မှာ အတုဖြစ်သည်။ 

" PDF သတင်းထုတ်ပြန်ရေး " အမည်ရှိ ဖေ့ဘုတ်ပေ့ချ်တစ်ခုမှနေ၍ စက်တင်ဘာ ၂၀ ရက်တွင် ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၏ တံဆိပ်ဖြင့် "ဒလန်အိမ်များအား မီးရှို့ဖျက်ဆီးစဉ် စခများနှင့် တိုက်ပွဲဖြစ်၊ ပကဖ ၂ ဦး ပြည်သူ့အတွက်အသက်စွန့်လွှတ် " ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ ဖြန့်ဝေထားသည်။ ထိုကြေငြာချက်ကို ပြန်လည်မျှဝေသူ အများအပြားရှိနေသည်။

အဆိုပါကြေငြာချက်နှင့် ပတ်သက်၍ မဇ္ဈိမမှ အချက်အလက် စစ်ဆေးခဲ့သည်။  တွေ့ရှိချက်အရ တနင်္သာရီတိုင်းအခြေစိုက် မီဒီယာများဖြစ်ကြသည့် Dawei Watch နှင့် The Tanintharyi Times တို့အပြင် အခြားမီဒီယာကြီးများ၌လည်း ကြေငြာချက်တွင်ပါဝင်သကဲ့သို့ စက်တင်ဘာလ ၁၉ ရက်တွင် ရေဖြူမြို့နယ်၊ ဒေါက်လောက်ကျေးရွာနှင့်ပတ်သက်၍ သတင်းတင်ဆက်မှုမရှိခဲ့ပေ။ 

Dawei Defence Team - DDT ၏ ထုတ်ပြန်ချက်များနှင့် နှိုင်းယှဉ်ကြည့်ရာ၌ DDT မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များ၏ အောက်ခံရေစာတွင် အဖွဲ့၏ အမှတ်တံဆိပ်ကိုအသုံးပြုထားပြီး ထုတ်ပြန်ချက်အတုတွင် အဆိုပါ ရေစာမပါဝင်ချေ။ 

DDT မှနေ၍ စက်တင်ဘာ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်မှတ် ၀၁၅ ကို နောက်ဆုံးထုတ်ပြန်ထားပြီး ကြေငြာချက်အတုတွင် ထုတ်ပြန်ချက်အမှတ် ၀၁၈ ဟုရေးသားထားသည်။ လင့် -t.ly/hXA1 

ထို့ပြင် Dawei Defense Team-DDT မှလည်း ထိုကြေငြာချက်မှာ အတုဖြစ်ကြောင်းဆိုသည်။  သတင်းမှားများဖြင့် ပြည်သူလူထုနှင့် ကာကွယ်ရေးအဖွဲ့ကြား သွေးထိုးနှိုးဆော်ခြင်းသာ ဖြစ်ကြောင်း၊ ထုတ်ပြန်ချက်မှာ ၎င်းတို့အဖွဲ့နှင့် မသက်ဆိုင်ကြောင်း အသိပေးထားသည်။ လင့် - t.ly/dq27

ထို့ကြောင့် "PDF သတင်းထုတ်ပြန်ရေး" ပေ့ချ်မှ ဖြန့်ဝေထားသည့် ထုတ်ပြန်ချက်မှာ ထားဝယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Dawei Defense Team-DDT ၏ပုံရိပ်ကို အသုံးပြု၍ အယောင်ဆောင်ရေးသားထားသည့် ထုတ်ပြန်ချက်သာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly