လွှတ်တော်ကိုယ်စားလှယ် တင်သည့်ပို့စ်ကို Like & Share ပြုလုပ်သည့်ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

လွှတ်တော်ကိုယ်စားလှယ် တင်သည့်ပို့စ်ကို Like & Share ပြုလုပ်သည့်ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

စက်တင်ဘာလ ၂၄ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လူမှုကွန်ရက်ပေါ်၌တင်သည့် ပို့စ် (Post) ကို Like ၊ Share၊ Comment ပြုလုပ်သည့် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရကြောင်းသိရသည်။

ကန်ကြီးထောင်မြို့ပေါ် ရပ်ကွက်များ၊ ဘဲဂရက်နှင့် ဒါးကတိုက်နယ်နေဒေသခံများကို စစ်ကောင်စီတပ်နှင့် ရဲများက စက်တင်ဘာလ ၂၃ ရက်ညပိုင်း၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" ကိုယ်စားလှယ်တင်တဲ့ ပို့စ်တွေနဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ဟာတွေကို Like ပေးတဲ့သူတွေ၊ Comment ရေးတဲ့သူတွေနဲ့ Share တဲ့သူတွေကို ဖမ်းတာလို့သိရတယ်၊ အဖမ်းခံရတဲ့အထဲမှာ အသက်ကြီးပိုင်းလူကြီးတွေလည်း အများကြီးပါတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းအပြင် ဖမ်းဆီးခံရသူ ၂၀ ကျော်သည် နိုင်ငံရေးနှင့် တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှု မရှိသူများဖြစ်ပြီး စစ်ကောင်စီဒလန်များ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် မတရားဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၂၀ ကျော်ကို ကန်ကြီးထောင့်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုသိရပြီး ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များစိုးရိမ်နေကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly