ဘူးသိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ဘူးသိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

September 24

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်အခြေစိုက်ဖြစ်သော စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို KNLA (ကော်သူးလေတပ်မတော်) တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို စက်တင်ဘာလ ၂၃ ရက်တွင် KNLA (ကော်သူးလေ) တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ယင်းအပြင် KNU တပ်မဟာ (၅) နယ်မြေသို့ ဝင်ရောက်လှုပ်ရှားလာသော စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များက ဒွယ်လိုးမြို့နယ်၊ မဲပလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအနေဖြင့် ပျဉ်းကတိုးသစ်လုံးများ မဖြစ်မနေ ခုတ်ပေးရန် စက်တင်ဘာလ ၂၃ ရက်နေ့ကခြိမ်းခြောက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် နယ်မြေခံ KNLA (ကော်သူးလေ) တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဖာပွန်ခရိုင်၊ လူသောမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်တွင် နယ်မြေခံ KNLA (ကော်သူးလေတပ်မတော်) တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့အကြား စက်တင်ဘာလ ၂၂ ရက်နေ့က တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဆိုသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ စစ်သုံးကားတစ်စီးလည်း ပျက်စီးသွားကြောင်း KNU တပ်မဟာ (၅) ၏ မူတြော်သတင်းစဉ်က ဖော်ပြသည်။

ယင်းအပြင် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ဖာပွန်မြို့နယ်ရှိ မဲဝိုင်စစ်ကောင်စီစခန်းကို KNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများတွင် တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေပြီး KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၁၈ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၈၄ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅) ၏ ဩဂုတ်လ လချုပ် တိုက်ပွဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

စာတည်း ။ ။ Alden

#ဘူးသိုမြို့နယ်

#ဖာပွန်ခရိုင်

#KNU

#KNLA

#ကော်သူးလေတပ်မတော်

#နတ်တောင်စခန်း

Write to Aung Aung

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly