ယူကရိန်းစစ်ပွဲ၌ စစ်မှုထမ်း ကင်းလွတ်ခွင့် ရုရှ ကြေညာ 

ယူကရိန်းစစ်ပွဲ၌ စစ်မှုထမ်း ကင်းလွတ်ခွင့် ရုရှ ကြေညာ 

စက်တင်ဘာ ၂၄

ယူကရိန်းတွင် စစ်မှုထမ်းရန် စစ်တပ်အတွင်း ဆွဲသွင်းသည့် သမ္မတ ဗလာဒီမာ ပူတင်၏ ‘စစ်မှုထမ်းဆင့်ခေါ်မှု’ အမိန့်ကြောင့် ဥပဒေအရ စစ်မှုထမ်းရခြင်းကို ရှောင်ရှားရန် ရုရှအမျိုးသားများ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြသည့် ယင်းအမိန့်အရ စစ်မှုထမ်းရခြင်းမှ ဘဏ်လုပ်ငန်းရှင်များ၊ IT ဝန်ထမ်းများနှင့် သတင်းသမားများကို ကင်းလွတ်ခွင့်ပြုကြောင်း ရုရှနိုင်ငံက ကြေညာလာသည်။ 

ယူကရိန်းက စစ်တပ်ကို အင်အားဖြည့်တင်းရန် ထပ်တိုးစစ်သား ၃၀၀,၀၀၀ ကို ဆင့်ခေါ်နိုင်ရေး ရုရှက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဆာဂေး ဆွိုင်းဂူက ဗုဒ္ဓဟူးနေ့တွင် ပြောထားသည်။ 

“အဆင့်မြင့်နည်းပညာ နယ်ပယ်အပြင် ရုရှ၏ ဘဏ္ဍာရေးစနစ် လုပ်ငန်းများ အရှိန်မပြတ်‌စေရေး” အတွက် မရှိမဖြစ် အရေးကြီးသော နယ်ပယ်မှ အချို့သော အလုပ်သမားများကို စစ်မှုထမ်းရခြင်းမှ ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာလာခဲ့သည်။ 

အဆိုပါ ကင်းလွတ်ခွင့်တွင် IT အလုပ်သမားအချို့၊ ဆက်သွယ်ရေးနှင့် နည်းပညာ အလုပ်သမားများ၊ ဘဏ္ဍာရေး ကျွမ်းကျင်သူများအပြင် မှတ်ပုံတင်ထားသော မီဒီယာများနှင့် ရုပ်သံများမှ ဝန်ထမ်းအချို့ အကျုံးဝင်မည် ဖြစ်သည်။ 

လူဦးရေစစ်ခြင်း၊ ဘဏ္ဍာဝင်ငွေနှင့် နှစ်စဉ် အခွန်ပေးချေမှုများအတွက် စံသတ်မှတ်မှုများ ပြည့်မီသူများကို “ဖွဲ့စည်းမှုဇယားအရ အရေးပါခြင်း” အဖြစ် အဓိက လုပ်ငန်းရှင်များနှင့် အခရာ ကုမ္ပဏီများကို ရုရှက ခွဲခြား သတ်မှတ်ထားကာ ယခု စစ်မှုထမ်း ကင်းလွတ်ခွင့်တွင် အကျုံးဝင်စေမည် ဖြစ်သည်။ 

အဆိုပါ ခွဲခြားသတ်မှတ်ခံရသူများသည် အစိုးရ ကျောထောက်နောက်ခံသော ချေးငွေများ၊ အာမခံပေးဆောင်မှုများနှင့် နိုင်ငံတော် ရင်းနှီးမြုပ်နှံမှုများတွင် အစိုးရထံမှ အထူးခံစားခွင့်များကို ရရှိအောင် ခွင့်ပြုပေးထားသည်။ ယင်းသို့ အကျိုးခံစားခွင့်များ ရရှိခြင်းကို COVID-19 ကပ်ဘေးအတွင်း အများစု မြင်တွေ့ခဲ့ရသည်။ 

မီဒီယာများကိုလည်း အမျိုးအစား ခွဲခြားသတ်မှတ်ထားရာ၌ နိုင်ငံပိုင် ရုပ်သံချန်နယ်များ၊ ရေဒီယိုအသံလွှင့်ရုံများ၊ သတင်းဌာနများ၊ သတင်းစာများအပြင် အနည်းငယ်သော ပုဂ္ဂလိက မီဒီယာလုပ်ငန်းများပါ ပါရှိသည်။ 

ကုမ္ပဏီလုပ်ငန်းရှင် အကြီးအကဲများအနေဖြင့် မရှိမဖြစ် ၎င်းတို့၏ အလုပ်သမား စာရင်းကို ရေးဆွဲသင့်ပြီး ယင်း စာရင်းပါသူများအနေဖြင့် စစ်မှုထမ်း ဆင့်ခေါ်မှုမှ ကင်းလွတ်ခွင့် ရနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

စစ်မှုထမ်း ဆင့်ခေါ်မှုမှ ဘဏ္ဍာရေး ကျွမ်းကျင်သူအချို့ကို ကင်းလွတ်ခွင့်ပြုသည့် လုပ်ဆောင်ချက်အား ရုရှဗဟိုဘဏ်က ကြိုဆိုသည်။ 

“အရေးပါတဲ့ နယ်ပယ်တွေမှာ လုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေ အနေအထားမပျက် ဆက်ရှိနေမှာကြောင့် ဘဏ္ဍာရေးစနစ်သာ ချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်လိမ့်မယ်၊ ပြည်သူတွေအနေနဲ့ လစာ၊ ပင်စင်နဲ့ လူမှုအကျိုးခံစားခွင့်တွေကို အချိန်မှန် ရရှိနိုင်ပါမယ်”ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly