မီဇိုရမ် တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြားမည်

မီဇိုရမ် တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြားမည်

စက်တင်ဘာလ ၂၃ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ရှိ မီဇိုတက္ကသိုလ်တွင် မြန်မာဘာသာရပ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) နှင့် မီဇိုရမ်တက္ကသိုလ်(MZU) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သင်ကြားမှုအား စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မီဇိုတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် လာမည့်အောက်တိုဘာလ တွင် သင်ကြားခြင်းအစီအစဉ်စတင်မည်ဖြစ်ပြီး မြန်မာဘာသာ ဒီပလိုမာ နှင့် Communication Skill ဘာသာရပ် တို့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

“သင်တန်းသားတွေအနေနဲ့ အရည်ချင်းသတ်မှတ်ချက်မရှိပါဘူး၊ ဒါပေမဲ့ MZU ကျောင်းသားတွေကို အဓိကထားတော့ အတန်းချိန်က သူတို့အတန်းပြီးချိန် နောက်ပိုင်း မှ ဖြစ်ပါမယ်” ဟု တာဝန်ယူသင်ကြားပေးမည့် Dr. Elis Thangi က ပြောသည်။

ယခုသင်တန်းပြီးဆုံးချိန်တွင် မြန်မာဘာသာစကား အခြေခံအဆင့်ကို သိရှိပြီး ပြောဆိုနိုင်ပြီး ဆက်လက်လေ့လာလိုသူများအတွက် အထောက်အပံ့ဖြစ်စေရန် မျှော်လင့်ကြောင်း ဆိုသည်။

အဆိုပါသင်ကြားမှုအား တာဝန်ခံမည့် Dr. Elis Thangi သည် မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိထားသူဖြစ်ပြီး မီဇိုးဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သောကြောင့် သင်တန်းအတွင်း ဘာသာနှစ်မျိုးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် Semester နှစ်ခုရှိပြီး သင်ကြားမည့်ကာလသည် ၁၀လ ကြာမြင့်မည်ဖြစ်ကာ စာသင်ခန်းတွင် နာရီပေါင်း ၁၂၀ ပို့ချမည်ဖြစ်ပြီး ကျန် နာရီ ၃၀ မှာ သင်တန်းသားများကိုယ်တိုင် လက်တွေ့လေ့လာသင်ယူရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်တွင် ကျောင်းသူ/သားများနှင့် သင်တန်းသားများအနေဖြင့် မြန်မာအက္ခရာ ၊ ဝေါဟာရ ၊ သဒ္ဒါဖွဲ့စည်းပုံ ၊ စကားပြော နှင့် စကားပြေအရေးအသားတို့အား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြန်မာစာသင်ကြားရေးနှင့် ပတ်သက်ပြီး မီဇိုရမ် တက္ကသိုလ်မှ Prof. Lalnilawma လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

သင်တန်းကြေးမှာ အိန္ဒိယရူပီးငွေ ၁,၀၀၀ (၃၅,၀၀၀ကျပ်) ဖြစ်ပြီး သင်တန်းတစ်ခုလုံးအတွက် သင်ကြားရေးထောက်ကူပစ္စည်းများဖြစ်သော ဖတ်စာအုပ် နှင့် အသံဖိုင်များအတွက် ကုန်ကျစရိတ် ရူပီး ၁,၂၀၀ (၄၂,၀၀၀ကျပ်) ကျသင့်မည်ဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မြန်မာစကားသည် တရားဝင်ရုံးသုံးဘာသာစကားဖြစ်ပြီး လူဦးရေ သုံးပုံနှစ်ပုံခန့်ပြောဆိုနေကြကြောင်း အိန္ဒိယနိုင်ငံနှင့်လည်း ကီလိုမီတာ ၁,၆၀၀ကျော် ဆက်စပ်လျက်ရှိနေကာ မြန်မာဘာသာစကားတတ်မြောက်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကြောင်း အဆိုပါ ပါမောက္ခ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

မီဇိုရမ်လူမျိုးနှင့် မြန်မာနိုင်ငံမှ ချင်းလူမျိုးများအကြားတွင် ဘာသာစကား ၊ ယဉ်ကျေးမှု နှင့် ကိုးကွယ်ရာများ နီးစပ်တူညီလျက်ရှိပြီး ကူးလူးဆက်ဆံမှုများသော ပြည်နယ်တစ်ခု ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်တွင် ရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအပါဝင် CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင် ပြည်သူများ ၄၀,၀၀၀ ကျော် ခိုလှုံလျက်ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly