နွားထိုးကြီးမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

နွားထိုးကြီးမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

စက်တင်ဘာလ ၂၃ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ညောင်ချေပေါ်ကျေးရွာအုပ်စု၊ စိန်ပန်းကျင်း ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၂၂ နေ့ ည ၇ နာရီခန့်က စစ်ကောင်စီ သတင်းပေး ဦးခင်မောင်ဝင်းသည် ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ ဦးခင်မောင်ဝင်း အသက်(၆၀) နှစ်ခန့်သည် စစ်ကောင်စီတပ်ဖွဲ့အားကိုးဖြင့် ဒေသခံများကို အနိုင်ကျင့်နေသူဖြစ်ပြီး နေအိမ်တွင် မိသားစုနှင့်အတူရှိနေစဉ် လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

"နေအိမ်ထဲဝင်ပစ်သွားတယ်၊သေနတ်သံက လေးငါး ခြောက်ချက်ပဲ အသံကြားတယ်။ ဟိုသတင်းပေး ဒီသတင်းပေးလုပ်နေတဲ့သူပါ။ အသက်က ၆၀ကျော်လောက်ရှိပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးခင်မောင်ဝင်း အသတ်ခံရမှုနှင့်ပတ်သက်၊၍ စစ်ကောင်စီတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်း လုံခြုံရေးယူပေးခြင်းများ မရှိကြောင်း ဒေသခံများက ဆိုသည်။

"သူတို့အားကိုးတဲ့ စစ်တပ်က လာတောင်မကြည့်ဘူး။ ရွာထဲမှာ အခုချိန်ထိအေးဆေးပဲ" ဟုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်းဖြစ်သည်ကို ယခုအချိန်ထိ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly