မြန်မာစစ်အာဏာသိမ်းအုပ်စုကို ပိုမို ဖိအားပေးရန် အမေရိကန် ကြိုးပမ်း 

မြန်မာစစ်အာဏာသိမ်းအုပ်စုကို ပိုမို ဖိအားပေးရန် အမေရိကန် ကြိုးပမ်း 

September 23

မြန်မာစစ်အာဏာသိမ်းအုပ်စုအား ကုလသမဂ္ဂမှတစ်ဆင့် ပိုမို ဖိအားပေးသွားရန် အမေရိကန်က ကြိုးပမ်းပြီး လာမည့် ရွေးကောက်ပွဲများကို အသိအမှတ် မပြုကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလျက် ရှိကြောင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့တွင် ပြောသည်။ 

“ဒီ စစ်အာဏာသိမ်းအုပ်စုအနေနဲ့ ဖိအားတွေ ပိုရင်ဆိုင်ရဖို့ လိုအပ်တယ်ဆိုတာ အထင်သား သိမြင်ရပါတယ်”ဟု နှစ်ပတ်လည် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာအရေး၌ အမေရိကန်၏ ဒီပလိုမေစီကို ဦးဆောင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရတ် ချိုလက်က အေအက်ဖ်ပီသို့ ပြောသည်။ 

ယခုလအတွင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းနေအရွယ်ကလေးငယ် ၁၁ ဦး သေဆုံးရမှုနှင့် စစ်အာဏာသိမ်းအုပ်စုက နိုင်ငံရေးအကျဉ်းသား လေးဦးအား ဇူလိုင်လအတွင်း သေဒဏ်ပေးကွပ်မျက်လိုက်ခြင်းများအတွက် စိတ်ဆိုးဒေါသထွက်ရမှုများကို ၎င်းက ထောက်ပြပြောဆိုသည်။ ၂၀၂၁ ဖေဖော်ဝါရီလအတွင်းက မြန်မာ စစ်အာဏာသိမ်းအုပ်စုသည် ရွေးကောက်ခံအစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကာ ဆယ်စုနှစ်ကြာ ဒီမိုကရေစီ အတွေ့အကြုံကို အဆုံးသတ်သွားစေခဲ့သည်။ 

အခြားသော အစိုးရများနှင့်အတူ ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ အများစုဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များနှင့်ပါ ဆွေးနွေးလျက်ရှိသည်ဟု ချိုလက်က ပြောသည်။ ထိုပြင် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့်လည်း အွန်လိုင်းမှ တွေ့ဆုံမှုများ ရှိသည်ဟု ၎င်းက ပြောသည်။ 

ကြိုးပမ်းနေမှုများက ‘အစပိုင်းအဆင့်’ သာ ရှိသေးသော်လည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချနိုင်ရေးအတွက် အခြားနိုင်ငံများနှင့် ပြောဆိုဆွေးနွေးနေသည်ဟု ၎င်းက ပြောသည်။ 

“ကောင်စီက အရေးယူဖြစ်ဖို့ ရုရှနဲ့ တရုတ်တို့က ဘယ်လို သဘောထားကြမလဲဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့ လက်တွေ့ကျကျ ဖြစ်ဖို့လိုတယ်”ဟု မြန်မာစစ်တပ်၏ မဟာမိတ် ယင်း နှစ်နိုင်ငံ၏ ဗီတိုအာဏာပိုင်မှုကို ရည်ညွှန်းပြီး ၎င်းက ပြောသည်။ 

“မြန်မာအရေးမှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချလာရေး အရေးကြီးတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။ 

လာမည့် ဩဂုတ်လ၌ စစ်အာဏာသိမ်းအုပ်စု စီစဉ်ထားသော ရွေးကောက်ပွဲများကို “မိမိတို့အနေနဖြင့် လက်ခံသည့် သဘောမဖြစ်စေရန်” လည်း အခြားသော အစိုးရများသို့ အသိပေးထားကြောင်းလည်း ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly